မြဝတီမြို့နယ်၊ စစ်ဘေးရှောင်စခန်းအနီးသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂ ဦးသေဆုံး
စက်တင်ဘာ ၈ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဖလူးဒေသရှိ တလောတပို့ စစ်ဘေးရှောင်စခန်းအနီးကို အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း Rehmonnya - Human Rights Foundation of MonLand မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောကြားသည်။
စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က တလောတပို့ စစ်ဘေးရှောင်စခန်းအနီးရှိ လမ်းမတန်းပေါ်သို့ ဒရုန်းအသုံးပြု၍ ဗုံးများကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် ဒရုန်းဗုံးကျဲတိုက်ခိုက်မှုအတွင်း ဗုံးမှာ လမ်းမတန်းဘေးရှိ နေအိမ်တစ်လုံးအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ လည်ပင်းတွင် ဗုံးစထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဒုတိယအကြိမ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာတွင် နေအိမ်အတွင်းမှ ပစ္စည်းများ ပြန်လည်ယူဆောင်ရန် သွားရောက်ခဲ့သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးလည်း ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးကို ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကုသပေးခဲ့သော်လည်း ဒဏ်ရာများပြင်းထန်မှုကြောင့် ယင်းနေ့ ည ၇ နာရီခန့်တွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း Rehmonnya - Human Rights Foundation of MonLand ထံမှ သိရှိရသည်။
Rehmonnya - Human Rights Foundation of MonLand မှ တာဝန်ရှိသူက အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုမြောက်ကြောင်း ပြောဆိုသည်။
“လက်နက်ကိုင်ပဋိပက္ခမှာ တိုက်ရိုက်မပါဝင်တဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုဖြစ်တယ်။ စစ်အုပ်စုက ဒီလိုရာဇဝတ်မှုတွေကို ထပ်တလဲလဲ ကျူးလွန်နေတာကို နေ့တိုင်းနီးပါး တွေ့မြင်နေရတယ်။ အခုဖြစ်စဉ်ကလည်း စစ်ရာဇဝတ်မှုတစ်ခု ထပ်တိုးလာတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် တလောတပို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားမှုအရ စစ်တပ်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်းကို အတည်ပြုနိုင်ခဲ့ကြောင်း၊ စစ်ဘေးရှောင်အရပ်သားများကို သေဆုံးစေသည့် ယင်းတိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ၎င်းက ဆိုသည်။
တလောတပို့ စစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၄,၅၀၀ ကျော် ခိုလှုံနေကြောင်း သိရသည်။ မင်းလက်ပံ၊ မဲထော်သလေး၊ လေးကေ့ကော်အပါအဝင် ကျေးရွာ ၁၂ ရွာခန့်မှ ဒေသခံများသည် တိုက်ပွဲများနှင့် စစ်တပ်၏တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာကာ ယင်းစခန်းသို့ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။
သို့သော် စစ်ဘေးရှောင်များ ခိုလှုံနေသည့် တလောတပို့စခန်းနှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ဒရုန်းများနှင့် လက်နက်ကြီးများအသုံးပြု၍ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေသဖြင့် စစ်ရှောင်အရပ်သားများ၏ အသက်အန္တရာယ်မှာ အချိန်နှင့်အမျှ စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်း သိရသည်။
“ဒီမိသားစုတွေက အသက်ဘေးက လွတ်မြောက်ဖို့ အိုးအိမ်တွေကို စွန့်ခွာပြီး စစ်ဘေးရှောင်လာကြတာဖြစ်တယ်။ ဒါပေမယ့် သူတို့ခိုလှုံနေတဲ့နေရာတွေကိုပါ ဗုံးကျဲတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ထပ်တလဲလဲ ဖြစ်နေတယ်။ အသက်ဘေးလွတ်ဖို့ ထွက်ပြေးလာတဲ့သူတွေ ထပ်မံအသက်ဆုံးရှုံးနေရတာဟာ အလွန်ရက်စက်တဲ့အခြေအနေတစ်ခုကို တွန်းပို့နေတာဖြစ်တယ်” ဟု Rehmonnya - Human Rights Foundation of MonLand မှ တာဝန်ရှိသူက ပြောသည်။
၎င်းက စစ်အုပ်စုအနေဖြင့် အရပ်သားများအပေါ် ဥပဒေမဲ့တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားပြီး၊ မြေပြင်ရှိ စစ်ဘေးရှောင်များအတွက် လုံခြုံသည့်ခိုလှုံရာနေရာများ၊ ဆေးကုသမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီးလိုအပ်နေကြောင်းလည်း ပြောဆိုသည်။
ထို့အပြင် သေဆုံးခဲ့ရသူများအတွက် တရားမျှတမှုရရှိစေရန်နှင့် ဖြစ်စဉ်များကို မှတ်တမ်းတင်ရုံသာမက အနာဂတ်တွင် ကျူးလွန်သူများ တာဝန်ခံမှုရှိလာစေရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
အလားတူ ယခုနှစ် မတ်လ ၁၄ ရက်နေ့ကလည်း တလောတပို့ စစ်ဘေးရှောင်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

32
15
6
1
1September 8, 2026 2K 1 1