ငါန်းဇွန်နှင့် ချောင်းဦးမြို့နယ်တို့တွင် စစ်တပ်က ၂ ရက်ဆက် လေကြောင်း တိုက်ခိုက်မှု သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး
စက်တင်ဘာလ ၈ ရက်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်းကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၄ ရက်နေ့တွင် ငါန်းဇွန်-မြို့သာ လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းက စက်တင်ဘာလ ၆ ရက်နေ့တွင် လမ်းပိုင်းကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ယင်းနေ့တွင် မြောက်ကျင်းရွာနှင့် ကျေးရွာ အနီးရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က သားကျင်ကျေးရွာကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း အဆောက်အဦးများနှင့် စေတီများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။
"ငါန်းဇွန်-မြို့သာ လမ်းပိုင်းမှာ ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်ပြီး ၆ ရက်နေ့မှာ စစ်ခွေးတွေက စစ်ကြောင်းထိုးလာတာ စစ်ကြောင်းထိုးပြီး ၂ ရက်ဆက် ဗုံးကျဲတာ ၆ ရက်နေ့က ဒရုန်းနဲ့ ကျဲတာ အဲ့မှာ စစ်ဘေးရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို ထိမှန်ပြီး သံဃာတော်တွေနဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာ ၇ ရက်နေ့က လေယာဉ်နဲ့ ကျဲတာ အဲတာကတော့ အဆောက်အဦးနဲ့ စေတီတွေလောက်ပဲ ထိခိုက်ပျက်စီးတယ်လို့ သိရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာ ၂ ခုကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော ပါရာမော်တာ ၂ စီးနှင့် ဂျိုင်ရိုကော်ပတာ ၃ စီးတို့ဖြင့် ချောင်းဦးမြို့နယ် အရှေ့တောင်ဘက်ခြမ်းနှင့် အနောက်မြောက်ခြမ်းတို့ကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် နေအိမ်များ ပျက်စီးခြင်းမျိုး မရှိကြောင်း သိရှိရသည်။
"စခတွေ ပါရာမော်တာ ၂ စီးနဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးတို့နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်တွေ ပျက်စီးတာမျိုး မရှိဘူးလို့ သိရတယ်။ အရှေ့တောင်ဘက်ခြမ်းနဲ့ အနောက်မြောက်ခြမ်း တောထဲကို ကျဲသွားတာပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ - မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင် ပျက်စီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
#KTM
#HlaingInfo

18
4
2
1
1September 8, 2026 1.5K 2