ဖာပွန်ခရိုင်အတွင်း ထိုးစစ်ဆင်နေသည့် စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက အကြိမ်ကြိမ် ခုခံတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိ
စက်တင်ဘာလ ၈ ရက်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထားကြောင်း နဂါးနက်စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်တတ်တူး၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်၍ ကမမောင်းဒေသဘက်မှတစ်ဆင့် ဖာပွန်ခရိုင်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို KNU/KNLA/KNDO နှင့် နဂါးနက်စစ်ကြောင်း အပါအဝင် မဟာမိတ် တပ်ဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည့်အတွက် လေကြောင်း ပစ်ကူများနှင့် လက်နက်ကြီး ပစ်ကူများကို အပြင်းအထန် အသုံးပြုကာ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်းလည်း သိရသည်။
"စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတာကတော့ ကြာပါပြီ။ စစ်ကောင်စီဘက်ကတော့ အင်အား အရမ်းသုံးလာတာပါ။ တခြား စစ်ကူတပ်တွေ၊ လေယာဉ်တွေ၊ လက်နက်ကြီး ပစ်ကူတွေပါ အလုံးအရင်း သုံးပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ စစ်ကြောင်းထိုးလာလိုက် ကျွန်ုပ်တို့ဘက်က ခုခံတိုက်ခိုက်လိုက်နဲ့ ခဏခဏ တပ်က လန့်ကျပြီး ပြန်ဆုတ်သွားလိုက်၊ ပြန်တက်လာလိုက် လုပ်နေပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတာ ရှိပါတယ်။ စစ်ကောင်စီဘက်က အကျအဆုံးကတော့ ၁၀၀ ကျော်လောက် ရှိနေပါပြီ။ သူတို့က ဖာပွန်ထဲကို ပြန်ထိန်းချုပ်ဖို့ လုပ်နေတာပါ" ဟု နဂါးနက်စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်တတ်တူးက ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ် စစ်ကြောင်းသည် ကတိုင်တိကျေးရွာနှင့် မင်းပုလဲကျေးရွာတို့၌ အထိုင်ချ တပ်စွဲထားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကလည်း အပြင်းအထန် ခုခံတိုက်ခိုက်နေဆဲ ဖြစ်ကြောင်း သိရသည်။
#KTM
#HlaingInfo

24
11
4
2
1September 8, 2026 1.5K 5