ပြည်မြို့နယ်၊ ဝက်ထီးကန်တွင် အသက် ၁၇ နှစ်အရွယ် မောင်စောတင်မိုးကို ပျူစောထီးများက ပေါ်တာာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ်ရောင်းစား
စက်တင်ဘာလ ၈ ရက်
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေတွင် အသက် ၁၇ နှစ်အရွယ် မောင်စောတင်မိုးကို ပျူစောထီးများက ပေါ်တာာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ်ရောင်းစားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဝက်ထီးကန်၊ အရှေ့ဈေး၊ ထန်းကုန်းရပ်ကွက်ရှိ ကွမ်းယာဆိုင်တွင် ရောက်ရှိနေသောအသက် ၁၇ နှစ်အရွယ် မောင်စောတင်မိုးကို ဝက်ထီးကန်ရဲစခန်းမှ ရဲများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသော လူငယ်သည် ဆင်းရဲနွမ်းပါးသူဖြစ်ပြီး ဝက်ထီးကန်ရဲစခန်းသို့ ခေါ်ဆောင်လာပြီးနောက် ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ တပ်ရင်းရှိ စစ်မှုထမ်း လူသစ်စုဆောင်းရာ နေရာကို ရဲများက သွားရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးသွားပြီးနောက် ဩဂုတ်လ ၂၆ ရက်နေ့တွင် မိသားစုဝင်များက ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ တပ်ရင်းသို့ သွားရောက်၍ မောင်စောတင်မိုးသည် အသက် ၁၈ နှစ် မပြည့်သေးသူဖြစ်ကြောင်း ပြောဆိုကာ ပြန်လည်ရွေးထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့သို့ ရွေးထုတ်နိုင်ခဲ့သော်လည်း ဩဂုတ်လ ၂၈ ရက်နေ့တွင် ဝက်ထီးကန် ဆေးရုံနောက်ကြောလမ်းရှိ ကွပ်သစ်မှ ပျူစောထီး ကိုလတ် နှင့် ကွင်းကြီးရွာ ပျူစောထီး မြင့်စိုးတို့ ပူးပေါင်းကာ မောင်စောတင်မိုးကို ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးပြီး မကွေးတိုင်းဘက်သို့ စစ်မှုထမ်း တပ်သားသစ် အဖြစ် ရောင်းစားလိုက်ကြောင်း သိရှိရသည်။
ထိုသို့ ပျူစောထီးများ ပေါ်တာဆွဲ ဖမ်းဆီးသွားပြီးနောက် လက်ရှိချိန်ထိ မိသားစုဝင်များနှင့် မောင်စောတင်မိုးတို့ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။
"မောင်စောတင်မိုးက ပြည်မြို့နယ် ဝက်ထီးကန် အရှေ့စျေးက နှောကန်အုပ်စုထန်းကုန်းရပ်ကွက်မှာ နေထိုင်တာ အသက်က ၁၇ နှစ်ပဲရှိသေးတယ်။ ပထမအကြိမ် အဖမ်းခံရက ဩဂုတ်လ ၁၅ ရက်နေ့က ဖမ်းခံရတာ ဝက်ထီးကန် အရှေ့စျေး ကွမ်းဆိုင်မှာ အဖမ်းခံရတာ အဲတာက ဝက်ထီးကန်ရဲစခန်းက ဖမ်းတာ မိသားစုဝင်တွေက အသက်မပြည့်သေးဘူးဆိုပြီး လိုက်ထုတ်လို့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ပြန်လွတ်လာတယ်။ ပြန်လွတ်လာပြီး သိပ်မကြာဘူး။ ဝက်ထီးကန် ဆေးရုံနောက်ကြောလမ်းမှာ ကွပ်သစ်က ပျူစောထီး ကိုလတ်နဲ့ ကွင်းကြီးရွာ ပျူစောထီး မြင့်စိုးနှင့်ပူးပေါင်းပြီး မောင်စောတင်မိုးကို ထပ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးတယ်။ ယခုလ ပထမပတ်ထဲမှာပဲ နယ်ကျော်ပြီး မကွေးတိုင်းဘက်ကို စစ်မှုထမ်းဖို့ ထပ်ရောင်းစားလိုက်တယ်လို့သိရတယ်။ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
#KTM
#HlaingInfo

45
6September 8, 2026 2K 4