NLD အစိုးရလက်ထက်တွင် ကာ/လုံမခေါ်ဘဲ နိုင်ငံတော်ကို တစ်ဦးတည်း ဆုံးဖြတ်… — Hlaing Info — TG.ME

NLD အစိုးရလက်ထက်တွင် ကာ/လုံမခေါ်ဘဲ နိုင်ငံတော်ကို တစ်ဦးတည်း ဆုံးဖြတ် အုပ်ချုပ်နေခြင်းက အန္တရာယ်ကြီးဟု ပြောဆိုခဲ့သော မင်းအောင်လှိုင်က သမ္မတရာထူး အတင်းအကျပ် လုယူပြီးနောက် ၅ လအတွင်း ကာ/လုံအစည်းအဝေး  ထပ်မံ ခေါ်ယူရန် လေသံပင်မဟတော့ဟုဆို

စက်တင်ဘာလ ၈  ရက်

NLD အစိုးရလက်ထက်တွင် နိုင်ငံတော်ကို ကာ/လုံမခေါ်ဘဲ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်နေခြင်းက အန္တရာယ်ကြီးဟုပြောဆိုခဲ့သော မင်းအောင်လှိုင်က သမ္မတရာထူး အတင်းအကျပ် လုယူပြီးနောက် ၅ လအတွင်း ကာ/လုံအစည်းအဝေး  ထပ်မံခေါ်ယူခြင်းမပြုတော့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ သမ္မတရာထူးကို အတင်းအကျပ် လုယူပြီးနောက် ဧပြီလ ၂၂ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ကာလုံအစည်းအဝေးကို ခေါ်ယူခဲ့ကြောင်း၊ ယင်းနောက် ၅ လကြာလာချိန်တွင် ကာလုံအစည်းအဝေး ခေါ်ယူရန် ထပ်မံပြောဆိုခြင်းမရှိတော့သကဲ့သို့ စစ်တပ်၏ စီမံခံခန့်ခွဲရေး အပါအဝင် နိုင်ငံ၏ ကိစ္စရပ်များအားလုံးကို သူနှင့် သူလွှဲအပ်ထားသော လူယုံအဖွဲ့များကသာ သူ၏တစ်ဦးတည်း သဘောထားကိုလိုက်၍ ဆုံးဖြတ်လုပ်ကိုင်နေကြောင်း  ပြောဆိုသည်။

"ကာလုံအစည်းအဝေးကို လစဉ် တစ်ကြိမ် အနည်းဆုံး ခေါ်ဖို့ သူတပ်ချုပ်ဖြစ်တုန်းက ပြောခဲ့တာရှိတယ်။ သမ္မတရာထူးယူပြီးတော့ တစ်ကြိမ်ပဲ ကာ/လုံအစည်းအဝေးခေါ်တယ်။ အခုတော့ ကာ/လုံအစည်းအဝေးခေါ်ဖို့ ပြောတာလည်းမရှိတော့သလို ကာ/လုံအစည်းအဝေး လုပ်တာလည်း မရှိတော့ဘူး။ ကာ/လုံအစည်းအဝေး ခေါ်ဖို့ ပြောသံတောင် မကြားရတော့ပါဘူး။ တပ်မတော်နဲ့ပတ်သက်တဲ့ စစ်ဆင်ရေးနဲ့ စီမံခန့်ခွဲရေးတွေကတော့ သူ့(မင်းအောင်လှိုင်) ဆီကို တပ်ချုပ်က အပတ်စဉ်တိုက်ရိုက် လာပြီး အသိပေး တင်ပြရတာရှိတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ 

NLD အစိုးရလက်ထက်  ၂၀၂၀ ခုနှစ်၊ ဩဂုတ်လအတွင်း အကြမ်းဖက် မင်းအောင်လှိုင်က ရုရှားသတင်း မီဒီယာတစ်ခုနှင့် တွေ့ဆုံစဉ်  အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ)သည် နိုင်ငံတော်၏ အသက်ဝိဉာဉ်ဖြစ်ပြီး ကာ/လုံ အစည်းအဝေး မခေါ်ဘဲ တစ်ဦးတစ်ယောက် တည်း ဆုံးဖြတ်နေခြင်းက အန္တရာယ်ကြီးကြောင်း၊ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ရန် အလှမ်းဝေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

“ကမ္ဘာ့နိုင်ငံတွေအားလုံးလောက်နီးပါးမှာ ဒီ “ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” ကို ဒီနာမည်နဲ့ပဲဖြစ် ဖြစ်၊ အခြားနာမည်နဲ့ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ နိုင်ငံ တော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေဟာ နိုင်ငံတစ်ခုရဲ့ အသက်ဝိညာဉ်တွေပဲ ဖြစ်ပါတယ်။ အသက်ဝိညာဉ်မရှိတဲ့လူကို လူလို့ဆက်ပြီးခေါ်လို့ရဦးမလား။ ဒီလောက်အထိ အရေးကြီးပါတယ်။ ကျွန်တော်မကြာ ခဏပြောခဲ့သလိုပါပဲ။ ဒီကိစ္စတွေမှာ Sorry ဆိုတာမရှိပါဘူး။ Sorry ဆိုရင် နိုင်ငံရဲ့အချုပ်အခြာ အာဏာဆုံးရှုံးပြီးဖြစ်နေပါလိမ့်မယ်။ ဒါတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊ တစ်ဦးတည်းကဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပါတယ်။ ထိရောက်တဲ့၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေဖြစ်ဖို့အလွန် အလှမ်းဝေးလှ ပါတယ်။ ဒီအစည်းအဝေးတွေခေါ်ယူခြင်း၊ မခေါ်ယူခြင်းဟာခေါ်ယူလုပ် ဆောင်ရန် တာဝန်ရှိသူတွေရဲ့အပိုင်း သာဖြစ်ပြီး ကျွန်တော်တို့က မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ ကာ ကွယ်ရေးနဲ့လုံခြုံရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားလုပ်ဆောင်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်” ဟု အကြမ်းဖက် မင်းအောင် လှိုင်က ရုရှားမီဒီယာတစ်ခုသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

လက်ရှိ အကြမ်းဖက် မင်းအောင်လှိုင်ဖွဲ့စည်းထားသော ကာ/လုံကောင်စီတွင် ညိုစော၊ နန်းနီနီအေး၊ ခင်ရီ၊ အောင်လင်းဒွေး၊ ရဲဝင်းဦး၊ ကျော်စွာလင်း၊ထွန်းအောင်၊ တင်မောင်ဆွေ၊ ညွန့်ဝင်းဆွေ၊ ဖုန်းမြတ်တို့ ပါဝင်သည်။

#KTM
#HlaingInfo
😁56❤4👍3🔥2🤔1
September 8, 2026 2.4K 7