တာမွေမြို့နယ်၊ သတိပဋ္ဌာန်လမ်းတွင် စစ်ကောင်စီတပ်က ဖုန်းလိုက်စစ်ပြီး လူငယ်နှစ်ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်
စက်တင်ဘာလ ၆ ရက်
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ သတိပဋ္ဌာန်လမ်းနှင့် ကျားကွက်သစ်လမ်းထောင့်တွင် ယနေ့ စက်တင်ဘာလ ၆ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးမှုများပြုလုပ်ပြီး လူငယ်နှစ်ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း RangoonScoutNetwork ထံမှ သိရသည်။
ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် အဆိုပါလမ်းထောင့်၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် တပ်စွဲကာ လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးမေးမြန်းခြင်းနှင့် ဖုန်းများကို ယူဆောင်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ဆေးမှုပြုလုပ်နေသည့် နေရာအနီးမှ အင်္ကျီအဖြူဝတ်ဆင်ထားသည့် အသက် ၂၀ နှစ်ဝန်းကျင်အရွယ် အမျိုးသားလူငယ်နှစ်ဦးအား စစ်ကားပေါ်သို့ တရွတ်တိုက် အတင်းအဓမ္မ ဆွဲတင်ဖမ်းဆီးကာ မောင်းနှင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဆွဲခေါ်မှုကြောင့် ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦး၏ ဖိနပ်များပင် အခင်းဖြစ်ပွားရာနေရာ၌ ကျွတ်ကျကျန်ရစ်ခဲ့ကြောင်း လမ်းသွားလမ်းလာများနှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
#HlaingInfo

60
5
1
1
1September 6, 2026 2.6K 1 23