အမ်းမြို့နယ်သို့ စစ်ကြောင်းထိုးရန် စစ်တပ်က မင်းတုန်းမြို့တွင် တပ်စွဲပြီး အမ်း-မင်းတုန်း ကုန်သွယ် ရေးလမ်းကြောင်းများကိုလည်း ပိတ်ပင်ထား၊ ဒေသပြည်သူထောင်ချီ စစ်ဘေးတိမ်းရှောင်နေရ
စက်တင်ဘာလ ၇ ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်နိုင်ရန် အကြမ်းဖက်စစ်တပ်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်အင်အားများ တိုးချဲ့တပ်စွဲထားပြီး အမ်း-မင်းတုန်းကြားရှိ ကုန်သွယ်ရေးလမ်းကို ပိတ်ဆို့လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အဆိုပါလမ်းမှာ အမ်းမြို့နယ်ရှိ တလိုင်းတောင်ဒေသနှင့် မင်းတုန်းမြို့နယ်ရှိ သဖန်းရောင်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ပြည်မဘက်အကြား ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အသုံးပြုနေသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ စစ်တပ်က ယင်းလမ်းကို ဩဂုတ်လနောက်ဆုံးပတ်မှစတင်၍ ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံကုန်သည်တစ်ဦးက စစ်တပ်သည် ဩဂုတ်လပထမပတ်အတွင်း မင်းတုန်းဒေသတွင် စစ်အင် အားများ ဖြည့်တင်းခဲ့ပြီးနောက် အမ်းမြို့နယ်ဘက်သို့ အင်အား ၅၀၀ ခန့်ဖြင့် ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့ကြောင်း ပြောသည်။
“စစ်တပ်က ဩဂုတ်လပထမပတ်ထဲမှာ အင်အားဖြည့်တင်းတယ်။ ပြီးတော့ အမ်းဘက်ကို အင်အား ၅၀၀ လောက်နဲ့ ထိုးစစ်လုပ်တယ်။ အကျအဆုံးများတော့ တပ်ပြန်ဆုတ်သွားရတယ်။ အဲဒီနောက် ဩဂုတ်လနောက်ဆုံးပတ်မှာ မင်းတုန်းမြို့နယ်ဘက်ကို ထိန်းချုပ်ပြီး လမ်းကိုလည်း ပိတ်လိုက်တာ။ လေယာဉ်ကတော့ မကြာခဏ ဗုံးကြဲတယ်။ အခု အဲဒီလမ်းကနေ ပြည်မကကုန်သည်တွေရော ရခိုင်ကကုန်သည်တွေရော မသွားကြတော့ဘူး။ ရိုးမပေါ်က ချင်းလူမျိုးတချို့ကိုလည်း ဖမ်းဆီးထားတယ်” ဟု ၎င်းက ပြောသည်။
စက်တင်ဘာလပထမပတ်အတွင်း စစ်တပ်က ပြည်သူ့စစ်မှုထမ်းအင်အားများအပါအဝင် စစ်အင်အားထပ်မံဖြည့်တင်းကာ အမ်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအပြီး စစ်တပ်စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်ရှိတွင် မင်းတုန်းမြို့နယ်အတွင်းရှိ သဖန်းရောင်ကျေးရွာနှင့် ဝက်ကော်ကျေးရွာတို့တွင် တပ်စွဲအခြေချထားကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။
စစ်တပ်သည် မင်းတုန်းမြို့နယ်အနောက်ဘက်ခြမ်းမှတစ်ဆင့် ရခိုင်ရိုးမပေါ်သို့ တက်ရောက်နိုင်ရန် စစ်ရေးအရ ကြိုးပမ်းနေခြင်းဖြစ်ပြီး ယင်းစစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ခရိုင်တပ်ရင်းများ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အာရက္ခတပ်တော် AA တို့က ပူးပေါင်း၍ ကြားဖြတ်ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင်အချို့ကို သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။
စစ်ရေးတင်းမာမှုများနှင့် စစ်ကြောင်းထိုးမှုများကြောင့် အမ်း-မင်းတုန်းနယ်စပ်နှင့် ရခိုင်ရိုးမတစ် လျှောက်ရှိ ဒေသခံပြည်သူ ထောင်နှင့်ချီကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။
မင်းတုန်းမြို့နယ်သည် စစ်ကော်မရှင်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံနယ်မြေအတွင်း ပါဝင်ပြီး စစ်တပ်က ခြေလျင်တပ်ရင်းများနှင့် ခြေမြန်တပ်ရင်းများမှ တပ်ဖွဲ့ဝင်များကို ထုတ်နုတ်အသုံးပြုကာ အမ်းမြို့နယ်နှင့် ရခိုင်ရိုးမဘက်သို့ စစ်ကြောင်းထိုးရန် ဆက်လက်ပြင်ဆင်နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။
လက်ရှိတွင် အမ်း-မင်းတုန်း ကုန်သွယ်ရေးလမ်း ပိတ်ဆို့ခံထားရမှုကြောင့် ရခိုင်နှင့် ပြည်မအကြား ကုန်စည်စီးဆင်းမှုများ ထိခိုက်နေပြီး ဒေသတွင်း စစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။
#KTM
#HlaingInfo

38
6
6
5
1
1September 7, 2026 2.9K 5