စစ်တွေမြို့အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပစ်ခတ်သော… — Hlaing Info — TG.ME

စစ်တွေမြို့အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များက အထက ၄ ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲ၊

▪️သံတွဲနှင့် ဂွတွင်လည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

စက်တင်ဘာလ ၈ ရက်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် အကြမ်းဖက်စစ် တပ်တို့ ယနေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၄ (အထက ၄) အပါအဝင် လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေမြို့အနီးတွင် ယနေ့ တိုက်ပွဲများဖြစ်ပွားနေစဉ် နံနက် ၁၁ နာရီကျော်ခန့်တွင် စစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၂ လုံးသည် စစ်တွေမြို့ရှိ အထက ၄ ကျောင်းနှင့် အနောက်စံပြရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အထက ၄ ကျောင်းစာသင်ဆောင်၏ ပြတင်းပေါက်များနှင့် မှန်များ ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။ လက်နက်ကြီးကျည်ကျရောက်ပြီးနောက် စစ်တွေမြို့ရှိ ကျောင်းများနှင့် ဈေးဆိုင်အချို့ကို ပိတ်ထားရသည့် အခြေအနေဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“စာသင်ကျောင်းတွေကိုတော့ ပိတ်ထားလိုက်ရတယ်။ လူထိခိုက်တာတော့ မရှိဘူးဗျ။ အနောက်စံပြရပ်ကွက်ဆိုတာက UN ရုံးတွေ၊ အိန္ဒိယကောင်စစ်ဝန်ရုံးတွေရှိတဲ့နေရာပါ။ စာသင်ဆောင်ရဲ့ ပြတင်း ပေါက်သစ်သားတွေ ပျက်စီးပြီး မှန်တွေလည်း ကွဲသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

စစ်တွေမြို့အနီး ရွာဘို၊ တောကံ၊ ဆားပို့တောင်နှင့် ရွာဟောင်းချောင်းဒေသများတွင်လည်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

“မနေ့ညနေက မင်းလှရွာကို ဗုံးလာကြဲတယ်။ အဲဒီရွာအနီးဝန်းကျင်က ဆားပို့တောင်၊ ရွာဘိုနေရာတွေကိုလည်း ဗုံးကြဲခဲ့တယ်။ အခု လက်နက်ကြီးကျတဲ့ အထက ၄ က အကျဉ်းထောင်နားမှာရှိတာပါ။ ကျောင်းလွတ်ချိန်ဖြစ်လို့ လူမထိတာ ကံကောင်းသွားတယ်လို့ ပြောလို့ရတယ်” ဟု စစ်တွေအခြေစိုက် သတင်းရင်းမြစ်တစ်ခုက ရှင်းလင်းပြောဆိုသည်။

စစ်တွေမြို့ရှိ အထက ၄ စာသင်ကျောင်းမှာ ပြည်တော်သာရပ်ကွက်တွင် တည်ရှိပြီး စစ်တွေမြို့မြောက်ဘက် ပဒလိတ်ကျေးရွာဝန်းကျင်တွင် အခြေစိုက်ထားသည့် စစ်တပ်၏ အမြောက်တပ်ရင်းများနှင့် ၆ မိုင်မှ ၉ မိုင်ခန့်အကွာတွင် ရှိကြောင်း သိရသည်။ စစ်တွေအခြေစိုက် စစ်တပ်၏ အဓိကအမြောက်တပ်ရင်းများနှင့် စစ်ရေးအခြေစိုက်စခန်းအချို့မှာ ပဒလိတ်ကျေးရွာဝန်းကျင်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အနီးတွင် အခြေစိုက်ထားကြောင်း ဒေသခံများက ပြောသည်။

တစ်ဖက်တွင်လည်း AA ၏ စက်တင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်တပ်သည် စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ သံတွဲနှင့် ဂွဒေသများကို လေကြောင်းနှင့် ရေကြောင်းမှ ဆက်တိုက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၇ မိနစ်ခန့်တွင် စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် သံတွဲမြို့ကို ၂ ကြိမ် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဗုံးများမှာ သံတွဲမြို့ အမှတ် ၈ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုကြောင့် အမှတ် ၈ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၃ နှစ်အရွယ် ဒေါ်သန်းသန်းကြွယ်မှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ၊ထို့ပြင် မမိုမိုမြင့်အောင် အသက် ၂၈ နှစ်၊ ဒေါ်အေးအေးကြွယ် အသက် ၆၆ နှစ်နှင့် ကိုရန်နောင်ထက် အသက် ၂၈ နှစ်တို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၈ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဂွနှင့် သံတွဲပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားသည့် စစ်ကော်မရှင်၏ စစ်သင်္ဘောများပေါ်မှ နံနက် ၁၁ နာရီ ၂၆ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ကမ်းခြေတစ်လျှောက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ယင်းနေ့ နေ့လယ် ၂ နာရီ ၅၂ မိနစ်ခန့်တွင်လည်း စစ်ကော်မရှင်တပ်က သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာနှင့် စပါးကြီးကျေးရွာတို့ကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း လူနေအိမ် ၈ လုံး လုံးဝပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျေးရွာကိုလည်း စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ၏ နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၃ ရက်နေ့ကလည်း စစ်တပ်က စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များရှိ ကျေးရွာ ၇ ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

#KTM
#HlaingInfo
🤬34🔥8❤2👍2👏2😁1
September 8, 2026 1.9K 1