မလေးရှားတွင် ကုလသမဂ္ဂ UNHCR ကတ်ကိုင်ဆောင်ထားသော မြန်မာဒုက္ခသည်များ… — Hlaing Info — TG.ME

မလေးရှားတွင် ကုလသမဂ္ဂ UNHCR ကတ်ကိုင်ဆောင်ထားသော မြန်မာဒုက္ခသည်များ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ပါက အရေးယူခံရမည်ဟု မလေးရှားလူဝင်မှုကြီးကြပ်ရေးက သတိပေး

စက်တင်ဘာလ ၈ ရက်

မလေးရှားနိုင်ငံတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ်ကိုင်ဆောင်ထားသည့် မြန်မာဒုက္ခသည်များအနေဖြင့် တရားဝင်ခွင့်ပြုချက် သို့မဟုတ် အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ပါက လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ပြောဆိုလိုက်သည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Datuk Zakaria Shaaban က UNHCR ကတ်ကိုင်ဆောင်ထားသူများသည် Immigration Act 1959/63 အောက်တွင် ဆက်လက်အကျုံးဝင်နေဆဲဖြစ်ပြီး တရားဝင်အလုပ်လုပ်ခွင့် ပါမစ် သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ခြင်းအပါအဝင် အခြားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများကျူးလွန်ပါက အရေးယူနိုင်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။

ထို့ပြင် UNHCR ကတ်ကိုင်ဆောင်ထားသည့် ဒုက္ခသည်များကို တရားဝင်ခွင့်ပြုချက်မရှိဘဲ အလုပ်ခန့်ထားသည့် အလုပ်ရှင်များကိုလည်း ဥပဒေအရ အရေးယူနိုင်ကြောင်း ၎င်းက သတိပေးသည်။

UNHCR ကတ်ကိုင်ဆောင်ထားသူများသည် မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေအောက်မှ လုံးဝကင်းလွတ်ခွင့်ရရှိထားခြင်းမဟုတ်ကြောင်း Zakaria Shaaban က အလေးပေးပြောဆိုသည်။

UNHCR ကတ်ကိုင်ဆောင်သူများအတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေအောက်ရှိ ပြစ်မှု ၂ မျိုးသာ ကင်းလွတ်ခွင့်ပေးထားပြီး၊ ယင်းမှာ တရားဝင်ခရီးသွားစာရွက်စာတမ်း သို့မဟုတ် နေထိုင်ခွင့်ပါမစ်မရှိခြင်းနှင့် သတ်မှတ်ထားသည့် နေထိုင်ခွင့်ကာလထက် ကျော်လွန်နေထိုင်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

“ပြစ်မှု ၂ မျိုးအတွက် ကင်းလွတ်ခွင့်ပေးထားခြင်းသည် UNHCR ကတ်ကိုင်ဆောင်သူများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေပါ အခြားပြဋ္ဌာန်းချက်များကို လိုက်နာရန်မလိုဟု မဆိုလိုပါ” ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ရှင်းလင်းထားသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကို စီမံခန့်ခွဲရာ၌ အမျိုးသားလုံခြုံရေးကောင်စီ၏ Directive No. 23 နှင့် ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူများဆိုင်ရာ အစိုးရအဖွဲ့ကော်မတီက ချမှတ်ထားသည့် မူဝါဒများအတိုင်း ဆောင်ရွက်နေကြောင်းလည်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ပြောဆိုသည်။

မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့က နိုင်ငံအတွင်းရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကို Refugee Registration Documentation Programme (DPP) မှတစ်ဆင့် မှတ်ပုံတင်စာရင်းသွင်းရန် တာဝန်ယူဆောင်ရွက်နေပြီး၊ အဆိုပါအစီအစဉ်မှတစ်ဆင့် ဒုက္ခသည်များ၏ အချက်အလက်များကို ပိုမိုပြည့်စုံစနစ်တကျ စုဆောင်းရန် ရည်ရွယ်ထားကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ UNHCR ကတ်ကိုင်ဆောင်ထားသည့် မြန်မာဒုက္ခသည်များအနေဖြင့် ယခင်ကဲ့သို့ UNHCR ကတ်ရှိရုံဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အရေးယူမှုအားလုံးမှ ကင်းလွတ်ခွင့်ရရှိမည်မဟုတ်ဘဲ တရားဝင်အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ပါက အရေးယူခံရနိုင်ကြောင်း မလေးရှားလဝကက ထပ်မံရှင်းလင်းလိုက်ခြင်းဖြစ်သည်။

#KTM
#HlaingInfo
🔥12👎3👏1🤔1😢1
September 8, 2026 962 2