ရွှေကူ-စင်းခန်းတစ်လျှောက် စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကျဲ၊ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာအများအပြား ထိခိုက်ပျက်စီး
စက်တင်ဘာလ ၈ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နှင့် စင်းခန်းဒေသတစ်လျှောက်ရှိ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီ ၄၃ မိနစ်ခန့်မှ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အထိ စစ်တပ်က ကင်းထောက်လေယာဉ်များဖြင့် ဒေသအတွင်း ပျံဝဲကင်းထောက်ခဲ့ပြီးနောက် Y-12 လေယာဉ်နှင့် ဂျက်ဖိုက်တာလေယာဉ်များ အသုံးပြုကာ ၅ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်မှ ညနေ ၆ နာရီ ၁၉ မိနစ်ခန့်အထိ ဇင်းဘုံးကျေးရွာဘက်သို့ ဂျက်ဖိုက်တာလေယာဉ်များဖြင့် ၃ ကြိမ် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
KIA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တစ်နေ့လုံး ကင်းထောက်လေယာဉ်လာဝဲလိုက်၊ ဗုံးကျဲလိုက် လုပ်နေတာပါ။ ဗန်းမော်နဲ့ စင်းခန်းဘက်မှာလည်း ရိက္ခာထုပ်တွေ ချပေးတာရှိတယ်။ လူလည်း နည်းနည်းပါးပါး ထိခိုက်တာရှိတယ်။ ရွာတွေကတော့ ပြာကျကုန်ပြီ။ ရွှေကူ-စင်းခန်းတစ်ကြော မြစ်ကမ်းဘေးက ကျေးရွာတွေပဲ။ သင်္ဘောတွေကလည်း ဆက်လက်ဆန်တက်နေပြီး လေကြောင်းကလည်း နေ့တိုင်းနီးပါး တိုက်ခိုက်နေတာရှိတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကသာမြို့မှ ဆက်လက်ထွက်ခွာလာသည့် စစ်တပ်ရေယာဉ်တစ်စီးပေါ်မှ ကသာမြို့အထက်ပိုင်း ဧရာဝတီမြစ်ကမ်းဘေးရှိ မိုးတားလေးကျေးရွာနှင့် ဗောဓိကုန်းကျေးရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်တပ်က Y-12 လေယာဉ်အသုံးပြု၍ အဆိုပါဒေသများကို ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာများအတွင်းရှိ ပြည်သူပိုင်နေအိမ်များ မီးလောင်ပျက်စီးနေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ မည်မျှသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည်နှင့် နေအိမ်မည်မျှ ပျက်စီးခဲ့သည်ဆိုသော အသေးစိတ်အခြေအနေများကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စက်တင်ဘာလ ၅ ရက်နေ့ကလည်း စင်းခန်း ဧရာဝတီမြစ်ကူးတံတားကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တံတား၏ အရှေ့ဘက်ခြေရင်းပိုင်းရှိ သံဘောင်များ ကွေးညွှတ်ပျက်စီးခဲ့ပြီး ကားတစ်စီးစာခန့်ရှိသည့် တံတားကြမ်းပြင်အစိတ်အပိုင်းလည်း ပေါက်ထွက်ပျက်စီးခဲ့ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း စက်တင်ဘာလ ၅ ရက်နေ့မှစတင်၍ မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် စစ်တပ်ရေယာဉ်အစီး ၃၀ ကျော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း မြောက်ဘက်သို့ ဆက် လက်ဆန်တက်နေကြောင်း သိရှိရသည်။
ထိုသို့ စစ်တပ်ရေယာဉ်အုပ်စုများ မြစ်ကြောင်းတစ်လျှောက် ဆက်လက်ရွေ့လျားနေခြင်းနှင့်အတူ လေ ကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်သည့်အတွက် ဧရာဝတီမြစ် ကမ်းဘေးရှိ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် အထူးသတိထားကြရန်နှင့် လိုအပ်ပါက ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ပြောင်းရွှေ့ကြရန် တော်လှန်ရေးအဖွဲ့အစည်းများက သတိပေးတိုက်တွန်းထားကြောင်း သိရသည်။
ဓာတ်ပုံ - ကသာမြို့အထွက် ဗောဓိကုန်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်နေစဉ်။
#KTM
#HlaingInfo

46
3
2
1
1September 8, 2026 2.1K 2