ပေါင်းတည်မြို့တွင် ထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဘိုတူး (ခ) ကိုကျော်အောင်ဇော်ကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား
စက်တင်ဘာလ ၇ ရက်
ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ဟင်္သာကန်ရပ်ကွက်တွင် နေထိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဘိုတူး(ခ) ကိုကျော်အောင်ဇော်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက စစ်မှုထမ်းရန် ဖမ်းဆီးသွားကြောင်း ကိုဘိုတူး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖမ်းဆီးခံရသူ ကိုဘိုတူး(ခ) ကိုကျော်အောင်ဇော်သည် ပေါင်းတည်မြို့ပေါ်၊ ဟင်္သာကန်ရပ်ကွက်၊ ၂၈ လမ်းတွင် နေထိုင်ပြီး ဩဂုတ်လနှောင်းပိုင်း ပေါင်းတည်မြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စိုက်ပျိုးရေးဌာန အထွက်တိုးစခန်းရှေ့တွင် လိုက်ထရပ်ကား မောင်းနှင်နေစဉ် တားဆီးစစ်ဆေးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုဘိုတူးကို ဟင်္သာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်နှင့် ပျူစောထီးအဖွဲ့ဝင် အန္တရာယ်ကျော်ကြီး (ခ) ကျော်ကြီးတို့က စစ်တပ်နှင့်အတူ သတင်းပေး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ကိုဘိုတူးသည် အသက် ၃၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
ဘိုတူးသည် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ်ကျခံခဲ့ရရာမှ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ဟင်္သာရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်က မိသားစုထံသို့ ဆက်သွယ်ကာ ငွေညှစ်မှုများ လုပ်ဆောင်ခဲ့သော်လည်းမိသားစု ပေးနိုင်ခြင်းမရှိသဖြင့် စစ်မှုထမ်းအဖြစ် ပို့ဆောင်ရန် ပြင်ဆင်နေပြီဖြစ် ကြောင်း သိရှိရသည်။
ပေါင်းတည်မြို့နယ်၊ ဟင်္သာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်နှင့်အဖွဲ့က ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသော မိသားစုများမှ လူငယ်များကို အဓိကပစ်မှတ်ထားကာ စစ်မှုထမ်းအဖြစ် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။
မကြာသေးမီရက်ပိုင်းအတွင်း ဟင်္သာကန်ရပ်ကွက်၊ ၃၁ လမ်းတွင် နေထိုင်သည့် မောင်နေထက်ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရကြောင်း ၊ ဖမ်းဆီးခံလိုက်ရသော မောင်နေထက်ဦး၏ အစ်ကိုဖြစ်သူ မောင်အာနိုးမှာလည်း စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရပြီးနောက် ငဖဲမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
#KTM
#HlaingInfo

54
3
2
1September 7, 2026 2K 6