မန္တလေးကဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်စု ကျောက်မြောင်းနဲ့ ရှိမ်းမကားအနီး ရောက်နေ
စက်တင်ဘာလ ၆ ရက်
မန္တလေးမြို့ကနေဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စုဟာ ကျောက်မြောင်းနဲ့ ရှိမ်းမကား ဒေသရောက်ရှိနေကြောင်း ဒေသတွင်းကင်းထောက်အဖွဲ့တွေက ပြောပါတယ်။
စက်တင်ဘာ ၄ရက် ညနေပိုင်းက မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စု (၃၁) စီးဟာ စက်တင်ဘာ ၅ ရက် ညနေပိုင်းအထိ ခရီးဆက်လက် ဆန်တက်နေကြောင်း ဒေသတွင်းကင်းထောက်အဖွဲ့တွေက ပြောပါတယ်။
ပထမအသုတ် ရှေ့ပြေးရေယာဉ်အုပ်စုမှာ ရွှေဘိုမြို့နယ်အရှေ့ခြမ်း ကျောက်မြောင်းတံတားအနီးသို့ ရောက်ရှိပြီး အထက်ဘက်သို့ ဆက်လက်ဆန်တက်နေသကဲ့သို့၊ ဒုတိယအသုတ် နောက်ဆုံးရေယာဉ်အုပ်စုရဲ့ ဦးဆောင်အစီးမှာလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း ရှိမ်းမကားရွာ အရှေ့ဘက် မြစ်ကြောင်းအတွင်းသို့ ရောက်ရှိကာ ဆက်လက်ချီတက်နေကြောင်း ကင်းထောက်အဖွဲ့တွေက ပြောပါတယ်။
"သင်္ဘောတွေက ပစ်ခတ်ခြင်းမရှိဘူး။ အခုကျောက်မြောင်းကိုရောက်ပြီ။ ပစ်တာခတ်တာတော့ မရှိသေးဘူး။ မနေ့က မန္တလေးကအထွက်မှာတော့ နည်းနည်းပါးပါး ပစ်တာရှိတယ်။ ကျွန်တော်တို့ကြားတာကတော့ မောင်းကုန်းနားက နီကယ်စက်ရုံကိုတက်မယ်ကြားတယ်"လို့ Wetlet Informational Network အဖွဲ့က ကိုနဂါးလေးက ပြောပါတယ်။
အဲဒီသင်္ဘောအုပ်စုဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ဆီ ဆန်တက်ကာ ကချင်ပြည်နယ် ၊ဗန်းမော်မြို့ဆီ ဦးတည်နိုင်တယ်လို့လည်း ဒေသတွင်းတော်လှန်ရေးအင်အားစုအချို့က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်၂၁ ရက်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်္ဘော ၂စီး ၊ ကုန်တင် သင်္ဘော ၈စီးအပါအဝင် စုစုပေါင်း သင်္ဘော၁၅စီးဟာ မန္တလေးမြို့ကတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီ ဆန်တက်ရာမှာ မြစ်ကြောင်း တလျောက်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။
အဲဒီ သင်္ဘောအုပ်စုဟာ စက်တင်ဘာ ၂ ရက်မှာတော့ ရွှေကူမြို့နဲ့ ဗန်းမော်မြို့ကြား ဧရာဝတီမြစ်ကျဉ်းမှာ KIA နဲ့ ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကို အပြင်းအထန် ခံခဲ့ရပြီးနောက် ဗန်းမော်မြို့ကို သင်္ဘော ၆စီးသာ ရောက်သွားခဲ့ပါတယ်။
ရုပ်သံ - Wetletinformational Network
#LNO
#HlaingInfo
15
2
2September 6, 2026 842 3