ဗီယက်နမ်မြေပေါ်ကနေ မြန်မာအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တာတွေကို ခွင့်မပြုဘူးလို့ ဗီယက်နမ်က ပြော
စက်တင်ဘာလ ၆ ရက်
ဗီယက်နမ်နိုင်ငံ၏ နယ်မြေကို အသုံးပြုပြီး မြန်မာအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ဗီယက်နမ်နှင့် အကြမ်းဖက် မင်းအောင်လှိုင်တို့အကြား သဘောတူညီခဲ့ကြောင်း သိရသည်။
ဗီယက်နမ်သမ္မတ တိုလမ်နှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ စက်တင်ဘာလ ၅ ရက်နေ့တွင် ဟနွိုင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ နယ်မြေကို အခြားတစ်နိုင်ငံအား ဆန့်ကျင်သည့် လှုပ်ရှားမှုများအတွက် အသုံးပြုခွင့်မပြုရန် ကတိပြုခဲ့ကြခြင်းဖြစ်သည်။
နှစ်နိုင်ငံ၏ သဘောတူညီချက်အရ ဗီယက်နမ်နိုင်ငံနယ်မြေအတွင်းမှ မြန်မာစစ်တပ်ကို ဆန့်ကျင်သည့် နိုင်ငံရေး၊ စစ်ရေး သို့မဟုတ် အခြားလှုပ်ရှားမှုများ ပြုလုပ်ခြင်းကို ခွင့်ပြုမည်မဟုတ်သကဲ့သို့ မြန်မာနိုင်ငံနယ်မြေကိုလည်း ဗီယက်နမ်နိုင်ငံအား ဆန့်ကျင်သည့် လုပ်ရပ်များအတွက် အသုံးပြုခွင့်မပြုရန် နှစ်ဖက်က သဘောတူခဲ့ကြသည်။
ထို့ပြင် ဗီယက်နမ်နှင့် မြန်မာတို့သည် ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်လည်း သဘောတူခဲ့ကြသည်။ လူငယ်စစ်အရာရှိများ လေ့ကျင့်သင်ကြားရေးနှင့် အပြန်အလှန်ဖလှယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားမည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးရက ထုတ်ပြန်သည်။
နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများ၊ နည်းပညာမြင့်ရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးအတွက်လည်း သတင်းအချက်အလက်ဖလှယ်မှုနှင့် ပူးပေါင်းညှိနှိုင်းမှုများ တိုးမြှင့်သွားရန် နှစ်ဖက်သဘောတူခဲ့ကြသည်။
ဗီယက်နမ်သမ္မတ တိုလမ်က မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာအသိုက် အဝန်းအတွင်း ပေါင်းစည်းဝင်ရောက်ရေးအတွက် ဗီယက်နမ်၏ အတွေ့အကြုံများကို မျှဝေပေးရန် ကမ်းလှမ်းခဲ့သည်။
မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံတွင် ဗီယက်နမ်၏ ရင်းနှီးမြှုပ်နှံမှုများအတွက် အဆင်ပြေစေရန် ဆောင်ရွက်ပေးမည်ဟု ပြောဆိုပြီး စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်နှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် တိုက်တွန်းခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် အာဆီယံနှင့် မဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်များအတွင်း အပြန်အလှန်ဆက်ဆံမှုများ ပိုမိုအားကောင်းစေရန်လည်း သဘောတူခဲ့ကြသည်။
ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် လိုအပ်ကြောင်းနှင့် အငြင်းပွားမှုများကို နိုင်ငံတကာဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်းလည်း ပူးတွဲအလေးထား ပြောဆိုခဲ့ကြသည်။
#KTM
#HlaingInfo

69
8
5
4
3September 6, 2026 2.7K 3 5