ရွှေလီတွင် မြန်မာနိုင်ငံသား အချင်းချင်း စကားများရာမှ ဓားထိုးခံရ၍ တစ်ဦးသေဆုံး
စက်တင်ဘာလ ၇ ရက်
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်တစ်ဖက်ကမ်း၊ တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ကွမ်းရင်စစ်တွင် မြန်မာနိုင်ငံသား နှစ်ဦး စကားများရာမှ ဓားဖြင့်ထိုးသဖြင့် တစ်ဦးသေဆုံးကြောင်း ဒေသနေသူများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၆ ရက် ညနေပိုင်း ၅ နာရီခန့်က မြန်မာနိုင်ငံသားအချင်းချင်း ကျူ (ဘိလိယက်) ထိုးရာမှ စကားများပြီး ရှုံးသူက နိုင်သူကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဓားက ရင်ဘတ်မှာထိုးမိတာ၊ ချက်ကောင်းဆိုတော့ တစ်ချက်တည်းနဲ့ သေသွားတာ၊ ကျူထိုးတာ ရှုံးလို့ ပိုက်ဆံတောင်းကြတာကနေ ရန်ဖြစ်ကြတာလို့ ပြောတာပဲ" ဟု ရွှေလီမြို့ရှိ ပရဟိတလူမှုကူညီသူတစ်ဦးက ပြောသည်။
ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသူကို ကျယ်ဂေါင်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
လတ်တလောတွင် တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသားများကို ဖမ်းဆီးမှုများပြားနေရာ ယခုဖြစ်ရပ်က မြန်မာနိုင်ငံမှ တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသူများအတွက် အကြပ်အတည်း ပိုမိုဖြစ်စေမည်ဖြစ်ကြောင်း ရွှေလီမြို့ရောက် မြန်မာနိုင်ငံသားတစ်ဦးက မှတ်ချက်ပြု ဝေဖန်သည်။
လက်ရှိတွင် အခင်းဖြစ်ပွားရာ ရွှေလီမြို့၌ မြန်မာနိုင်ငံမှ ရောက်ရှိနေသူဦးရေ သိန်းချီ ရှိနေကြောင်း သိရသည်။
#MKN
#HlaingInfo

25
15
3
2
2
1September 7, 2026 2.4K 3