ကျိုက်မရောမှာ ထိုင်းကုန်ကားအစီး ၆၀ နီးပါး ဖမ်းဆီးခံရ စက်တင်ဘာလ ၈ ရက်… — Hlaing Info — TG.ME

ကျိုက်မရောမှာ ထိုင်းကုန်ကားအစီး ၆၀ နီးပါး ဖမ်းဆီးခံရ

စက်တင်ဘာလ ၈ ရက်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကားအစီး ၆၀ နီးပါးကို အာဏာသိမ်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ကျိုက်မရော-မော်လမြိုင်ကားလမ်းရှိ ကြက်သွန်ကုန်းနဲ့ နတ်စမ်းကျေးရွာကြားမှာ ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကားတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ထိုင်းကုန်ပစ္စည်းတွေဟာ ဘုရားသုံးဆူမြို့ကနေ သယ်ဆောင်လာတာ ဖြစ်ပြီး ကျိုက်မရောမြို့နယ် ကတုံးစိကျေးရွာ ဘီးလပ်မြေ စက်ရုံအနီးမှာ တစ်ခေါက် နားကာ အဲဒီကတစ်ဆင့် ခေါက်တို ပြန်သယ်တဲ့ ကားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံ တစ်ဦးကတော့ စစ်အစိုးရဟာ ထိုင်းကုန်ပစ္စည်းတွေကို ဂိတ်တွေမှာကအစ ဖမ်းဆီးတာ ရှိပြီး အခုလို ဖမ်းဆီးတဲ့အတွက် ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ထိုင်းကုန်က လက်ရှိ ဂိတ်တွေမှာကို ဖမ်းတာ၊ ကျွန်တော်တို့ ဘက်ခြမ်းကျတော့ ဘုရားသုံးဆူက ဝင်တာ၊ အဓိက ထိုင်းကုန်ပစ္စည်းတွေပဲ အသုံးများတယ်လေ။အများစုက ဒီထိုင်း စားသောက်ကုန်နဲ့ အသုံးအဆောင်တွေ အသုံးများတဲ့ အခါကျတော့ အခုလိုမျိုး ဖမ်းတဲ့ အခါကျတော့ ကုန်ဈေးနှုန်းတွေ တက်သွားတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အစိုးရအနေနဲ့ ပြည်တွင်းမှာ အသုံးပြုနေတဲ့ ထိုင်းကုန်ပစ္စည်း လိုမျိုး အရည်အသွေး ရှိတဲ့ ကုန်ပစ္စည်း တွေကို မထုတ်လုပ်နိုင်ဘဲ အခုလို လိုက်လံ ဖမ်းဆီး နေတာဟာ ပြည်သူတွေကို အကျပ်အတည် ပိုမိုတွေ့အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ သူက ဝေဖန်ပါတယ်။

လက်ရှိ ဖမ်းဆီးခံရတဲ့ ထိုင်းကုန်ပစ္စည်းတင် ကားအစီး ၆၀ နီးပါးဟာ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ခွင့်ပြုချက်နဲ့ တရားဝင် ဖွင့်လှစ်ထားတဲ့ စပယ်ဂူ တံတားဂိတ်နဲ့ ကျိုက်မရောအဖွဲ့စုံဂိတ်ကို ဖြတ်ပြီးမှ ဖမ်းဆီးခံရတဲ့အပေါ် ဒေသခံတွေအကြား မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။

တဖက်မှာတော့ မွန်ပြည်နယ် စစ်အစိုးရ လက်အောက်ခံတွေဟာ ထိုင်းကုန်ပစ္စည်းတွေကို မြို့ဝင် မြို့ထွက် ဂိတ်တွေမှာ ဖမ်းဆီးတာ၊ ထိုင်းကုန်ပစ္စည်း ဝင်ရောက်ရာ လမ်းကြောင်းတွေမှာ ဖမ်းဆီးတာ၊ ကုန်ပစ္စည်း သိုလှောင်တဲ့ ဂိုဒေါင်တွေမှာ ဖမ်းဆီးတာ အပြင် ရှောင်တခင် ဈေးတွေမှာကအစ ဖမ်းဆီးတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အခုလို စစ်အစိုးရ လက်အောက်ခံတွေက ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်ပစ္စည်းတွေ ဆိုပြီး ဖမ်းဆီး နေတာကြောင့် ‌ဒေသတွင်းမှာ ထိုင်းကုန်ပစ္စည်း တချို့ ဈေးနှုန်း အနည်းငယ် မြင့်တက် လာသလို့ တချို့ ကုန်ပစ္စည်းတွေ အနေနဲ့ ပြတ်လပ်မှုတွေပါ ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ ထိုင်းကုန်ပစ္စည်းတွေကို တရားဝင် သယ်ဆောင်နိုင်ဖို့ အတွက် ကုန်သည်တွေက လုပ်ဆောင် နေပေမယ့် စစ်အစိုးရက သွင်းကုန် လိုင်စင်တွေကို တင်းကျပ်ထားတာကြောင့် အခုလို မှောင်ခို ပုံစံ တင်သွင်း နေရတာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မွန်ပြည်နယ်ဟာ ထိုင်းနိုင်ငံကနေ အဓိက သွင်းကုန်တွေ ဖြစ်တဲ့ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေအပြင် အထွေထွေသုံး ကုန်ပစ္စည်းတွေကိုပါ အဓိက တင်သွင်း အသုံးပြု နေရတဲ့ ပြည်နယ် တစ်ခု ဖြစ်ပါတယ်။

ဓာတ်ပုံ-Social Media
#TLT
#HlaingInfo
🔥22🤬16❤3😱3👍1👏1😁1
September 8, 2026 2.4K 8