ဗန်းမော်မြို့အနီး တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်း… — Hlaing Info — TG.ME

ဗန်းမော်မြို့အနီး တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်း

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့များ၏ ပြင်းထန်လှသော ရေကြောင်းကြားဖြတ်တိုက်ပွဲများ မှ လွတ်မြောက်လာသော စစ်ရေယာဉ်အချို့ ဗန်းမော်မြို့သို့ ဆိုက်ရောက်လာပြီးနောက် စင်းခန်းနှင့် ဇင်းဘုံကျေးရွာများအနီးတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာ သည်။ မြစ်ကြောင်းတစ်လျှောက်တွင် ဂျက်တိုက်လေယာဉ်များ၊ Y-12 လေယာဉ်များနှင့် ကင်းထောက်လေယာဉ်များ အသုံးပြုကာ စစ်ကောင်စီဘက်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ရေကြောင်းတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် စက်တင်ဘာ ၆ ရက်တွင် ကသာ-ဗန်းမော်လမ်းပေါ်ရှိ စင်းခန်း ဧရာဝတီမြစ်ကူးတံတား (ကားနှင့် ရထားသွား သံမဏိသံဘောင်တံတားကြီး) ကို လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့ရာ တံတားအစိတ်အပိုင်းအချို့ ပဲ့ထွက်ပျက်စီး သွားခဲ့သည်။

ဗန်းမော်မြို့ရှိ စစ်အုပ်စု ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) အပါအဝင် မြို့တွင်းနှင့် မြို့အနီးပတ်ဝန်းကျင်ရှိ စစ်တပ်တပ်ရင်းအားလုံးကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထား သည်။ ၎င်းတပ်ရင်းများသို့ ရိက္ခာနှင့် ခဲယမ်းမရောက်ရှိစေရန် တော်လှန်ရေးတပ်ဖွဲ့များက ကုန်းလမ်း၊ ရေလမ်းများကို ဖြတ်တောက်ထားဆဲ ဖြစ်သည်။

ဗန်းမော်မြို့ပေါ်တွင် စစ်အုပ်စု တပ်နှင့် KIA ပူးပေါင်းတပ်များက နေရာအလိုက်၊ အပိုင်းလိုက် ခွဲခြားထိန်းချုပ်ထား သည့် စစ်ရေးတင်းမာမှု အနေအထားရှိနေသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကချင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ဗန်းမော်မြို့နယ်နှင့် အိမ်နီးနားချင်း မံစီမြို့နယ် တို့ကို ပစ်မှတ်ထားကာ မြို့သိမ်းစစ်ဆင်ရေးများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာ ၄ ရက်တွင် ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာဘက်သို့ စစ်ကောင်စီ၏ ခလရ (၅၆)၊ ခမရ (၆၀၂) နှင့် တပ်မ (၈၈) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းများက ခြေလျင်ထိုးစစ်ဆင်လာသောကြောင့် KIA ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန် ခဲ့သည်။ မြစ်ကြောင်းတိုက်ပွဲအတွင်း ရေယာဉ်များ ပျက်စီးပြီး ကုန်းပေါ်သို့ ထွက်ပြေးလွတ်မြောက်သွားသည့် မင်းအောင်လှိုင် သစ္စာခံ တပ်သားများကိုလည်း တော်လှန်ရေးတပ်များက လိုက်လံရှင်းလင်းလျက်ရှိသည်။

တရုတ် နယ်စပ် နှင့် မိုင် ၅၀ ခန့်သာ ဝေးသည့် ဗန်းမော်မြို့နယ်အတွင်း စစ်ရေးအခြေအနေ ထိုကဲ့သို့ အလွန်တင်းမာနေသည့် ကြားမှပင်  မြို့ကို စွန့်ခွာတိမ်းရှောင်သွားကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့တွင်းသို့ အမြန်ဆုံးပြန်လာကြရန် စစ်အုပ်စု ဘက်က ဖိအားပေး ဆင့်ခေါ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ဗန်းမော်သည် ခရိုင်အဆင့် ရုံးစိုက်ရာမြို့ဖြစ်သဖြင့် ဌာနဆိုင်ရာယန္တရား မပျက်စီးကြောင်း တရုတ် နှင့် ၎င်းအား ထောက်ခံ‌ နေသူ များ သိရှိ‌ အောင် ပြသလိုသည့်အတွက် ယခုကဲ့သို့ အတင်းအကျပ် ပြန်ခေါ်နေခြင်း ဖြစ်သည်။

စစ်ရေယာဉ်အုပ်စု အကြီးအကျယ် ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ၊ ရိက္ခာများ မြစ်ထဲနစ်မြုပ်သွားခြင်း၊ စင်းခန်းတံတား ပျက်စီးသွားခြင်းတို့ကြောင့် စစ်ကောင်စီသည် ဗန်းမော်ရှိ ၎င်းတို့၏ စကခ (၂၁) နှင့် တပ်ရင်းများကို ရေရှည်ထောက်ပံ့နိုင်စွမ်း မရှိတော့ဘဲ လမ်းကြောင်း လုံးဝပြတ်တောက်သွားသည့် အခြေအနေ သို့ ရောက်ရှိသွား တော့မည် ဖြစ်သည်။

စင်းခန်းမြစ်ကူးတံတားကြီးကို ၎င်းတို့ကိုယ်တိုင် ဗုံးကြဲဖျက်ဆီးလိုက်ခြင်းသည် တော်လှန်ရေးတပ်များ မြစ်တဖက်ကမ်းသို့ အလွယ်တကူ ကူးမလာနိုင်စေရန် ကာကွယ်သည့် စစ်ရေးအရ ခုခံစစ်ဗျူဟာ ဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင်လည်း ကုန်းလမ်းပြန်ဖွင့်ရန် လမ်းစမရှိတော့သည့် သဘော ဖြစ်သည်။

ဗန်းမော်မြို့တွင်းရှိ စစ်အုပ်စု တပ်များသည် ရိက္ခာနှင့် ခဲယမ်းပြတ်လပ်မှုဒဏ်ကို မလွဲမသွေ စတင်ခံစားရတော့မည် ဖြစ်သည်။ ထို့ကြောင့် မကြာမီကာလအတွင်း အိမ်နီးနားချင်း မံစီမြို့နယ်နှင့် ဗန်းမော်မြို့ပေါ်ရှိ စစ်ကောင်စီ အခြေစိုက်စခန်းများကို တော်လှန်ရေးတပ်များက အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်မည့် ပြင်းထန်သော မြို့သိမ်းတိုက်ပွဲ အဆုံးအဖြတ် အဆင့်သို့ ကူးပြောင်းလာနိုင်ဖွယ် ရှိနေသည်ဟု ယူဆရသည်။

စစ်အုပ်စုသည် စစ်ရေး အခြေအနေ ပြန်လည် နိမ့်ပါးလာနေသည့် အတွက်  စစ်အင်အားကို ဖြည့်တင်းရန် လူငယ်များကို လမ်းပေါ်တွင် ကြားဖြတ်ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း များကို ၂၀၂၆ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် အရှိန်မြှင့် လုပ်ဆောင်နေသဖြင့် လူငယ်များနှင့် မိဘပြည်သူများအကြား စိုးရိမ်ပူပန်မှုများ အလွန်မြင့်မားနေသည်ဟု သတင်းများက ဆိုသည်။

ရန်ကုန်တွင် စက်တင်ဘာလဆန်းပိုင်း ၂ ရက်တာကာလအတွင်းတင် လူငယ် ၁၃ ဦးထက်မနည်း လမ်းပေါ်တွင် အဓမ္မဖမ်းဆီး ပေါ်တာဆွဲခြင်း ခံခဲ့ရသည်။ စစ်အုပ်စု တပ်များသည် လမ်းဆုံလမ်းခွများနှင့် မှတ်တိုင်များတွင် ကင်းပုန်းဝပ်ကာ အလုပ်သွားအလုပ်ပြန် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှူပါရန် - ⤵️⤵️
🥰7❤3👍1🔥1
September 8, 2026 640 1