လှိုင်သာယာမြို့နယ်တွင် လူမိုက်မဲကြီးနှင့်အဖွဲ့က… — Hlaing Info — TG.ME

လှိုင်သာယာမြို့နယ်တွင် လူမိုက်မဲကြီးနှင့်အဖွဲ့က ရဲများနှင့်ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်ကာ စစ်မှုထမ်းလူအစားထိုးအဖြစ်ရောင်းစားသောင်းကျန်းနေ

စက်တင်ဘာလ ၇ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် လူမိုက် “မဲကြီး” နှင့် ၎င်း၏အဖွဲ့က ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲသကဲ့သို့ လိုက်လံဖမ်းဆီးကာ ငွေညှစ်ခြင်းနှင့် ငွေမပေးနိုင်သူများကို စစ်မှုထမ်းအစားထိုးအဖြစ် ရောင်းစားပို့ဆောင်ခြင်းများ လုပ်ဆောင်နေသော်လည်း အာဏာပိုင်များက အရေးယူခြင်းမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

လှိုင်သာယာမြို့နယ်အတွင်း ဒဂုံဧရာအဝေးပြေးကားဝင်းအနီး၊ လှိုင်သာယာတပ်ထိပ်နှင့် ဗိုလ်ချုပ်လမ်း ဆုံအနီးတို့တွင် အဆိုပါအဖွဲ့က လူငယ်များကို ပစ်မှတ်ထား၍ ပေါ်တာဆွဲလိုက်လံဖမ်းဆီးမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရှိရသည်။

အဆိုပါအဖွဲ့သည် လမ်းပေါ်သွားလာနေသည့် လူငယ်များသာမက YBS ဘတ်စ်ကားများပေါ်အထိ တက်ရောက်ကာ လူငယ်များကို ဖမ်းဆီးနေကြောင်း၊ ရာဇဝတ်သားများကို ဖမ်းဆီးသကဲ့သို့ လည်ပင်းချုပ်၍ အင်အားသုံးဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိရကြောင်း သိရှိရသည။

ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့တွင်လည်း လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးကားဝင်းတွင် လူငယ်တစ်ဦး YBS ဘတ်စ်ကားပေါ်မှ ဆင်းလာစဉ် အဆိုပါအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။

ဖမ်းဆီးခံရပြီးနောက် အဆိုပါလူငယ်၏ မိုဘိုင်းဖုန်းကို သိမ်းဆည်းစစ်ဆေးခဲ့ပြီး ဖုန်းအတွင်း ဂိမ်းဆော့ဖ်ဝဲများရှိသည်ဟုဆိုကာ မိသားစုထံ ငွေကျပ်သိန်း ၃၀ တောင်းခံခဲ့ကြောင်း အဆိုပါလူငယ်၏ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

မိသားစုက ငွေကြေးပမာဏကို ညှိနှိုင်းခဲ့ပြီးနောက် ငွေကျပ်သိန်း ၂၀ ပေးဆောင်ခဲ့ရကာ ယင်းလူငယ်ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် အဆိုပါလူငယ်နှင့်အတူ တစ်ချိန်တည်း ဖမ်းဆီးခံခဲ့ရသည့် အခြားလူငယ် ၃ ဦးကိုမူ ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ကားတစ်စီးပေါ်သို့ တင်ဆောင်ကာ ခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ “မဲကြီးအဖွဲ့” ဟု လူသိများသည့် အဆိုပါအဖွဲ့သည် လှိုင်သာယာအဝေးပြေးကားဝင်းပတ်ဝန်းကျင်တွင် လူငယ်များကို ဖမ်းဆီးကာ မိသားစုများထံမှ ငွေကြေးတောင်းခံခြင်းများ လုပ်ဆောင်နေပြီး ငွေကြေးမပေးနိုင်သူများကို စစ်တပ်ထံ စစ်မှုထမ်းအစားထိုးအဖြစ် ပို့ဆောင်ရောင်းစားနေကြောင်း သိရှိရသည်။

ယင်းကဲ့သို့ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် စစ်မှုထမ်းအစားထိုးအဖြစ် ပို့ဆောင်ခြင်းများသည် လှိုင်သာယာမြို့နယ်အတွင်း ဆိုးရွားစွာ ဖြစ်ပွားနေသော်လည်း ကျူးလွန်သူများကို သက်ဆိုင်ရာက ထိရောက်စွာ အရေးယူခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်း လူငယ်များကို ပစ်မှတ်ထား၍ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံလူငယ်များအနေဖြင့် နေ့စဉ်သွားလာရေးအတွက်ပင် စိုးရိမ်ကြောက်ရွံ့နေရပြီး YBS ဘတ်စ်ကားစီး၍ သွားလာသူများအထိ ဖမ်းဆီးခံရနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဗိုလ်ရာညွန့်လမ်းတွင် ယမန်နေ့ နေ့လယ်ပိုင်း လူငယ်တချို့ ပေါ်တာဆွဲ ဖမ်းဆီးခံရစဉ်။
#KTM
#HlaingInfo
🤬45👏4❤1👎1
September 7, 2026 2K 1 7