မြန်မာနိုင်ငံအတွင်း ကျောက်ကပ်ဝေဒနာရှင်များအတွက် ပြည်ပမှ ဆေးဝါးနှင့် ဆေးပစ္စည်းများ သွင်းခွင့်မရ၍ ကုသမှုခံယူရန် လနှင့်ချီ စောင့်ဆိုင်းနေရ၊
▪️ကျောက်ကပ်ဆေးရည်များ ပြတ်လပ်၍ ပုံမှန်ကျောက်ကပ်ဆေးနေရသူတချို့ သေဆုံး
စက်တင်ဘာလ ၆ ရက်
မြန်မာနိုင်ငံတွင် ကျောက်ကပ်ဝေဒနာရှင်များ၏ ရောဂါစစ်ဆေးကုသရေးအတွက် လိုအပ်သည့် ပြည်ပမှ တင်သွင်းရသော ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်နေခြင်းကြောင့် လူနာများအနေဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် လနှင့်ချီ၍ စောင့်ဆိုင်းနေရပြီး ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ ကုန်ကျစရိတ်များလည်း မြင့်တက်လာကြောင်း လူနာများနှင့် ဆေးဝါးလုပ်ငန်းဆိုင်ရာ အသိုင်းအဝိုင်းထံမှ သိရှိရသည်။
ကျောက်ကပ်၏ လုပ်ဆောင်ချက်ကို စစ်ဆေးရန် အသုံးပြုသည့် DTPA Scan ရိုက်ကူးရန်အတွက် ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် Booking တင်ထားသည်မှာ ၂ လခန့်ရှိနေပြီဖြစ်သော်လည်း စစ်ဆေးရာတွင် အသုံးပြုရမည့် ထိုးဆေးများ မရောက်ရှိသေးသဖြင့် ယနေ့အချိန်အထိ စစ်ဆေးမှု မပြုလုပ်နိုင်သေးကြောင်း ကျောက်ကပ်ဝေဒနာရှင်များက ပြောဆိုသည်။
DTPA Scan ဆိုသည်မှာ ကျောက်ကပ်၏ လုပ်ဆောင်နိုင်စွမ်းနှင့် ကျောက်ကပ်တစ်ဖက်စီ၏ သွေး စစ်ထုတ်နိုင်မှုကို တိုင်းတာစစ်ဆေးသည့် Nuclear Medicine စစ်ဆေးမှုတစ်မျိုးဖြစ်ပြီး၊ စစ်ဆေးရန်အတွက် အထူး Radioactive Tracer ဆေးကို သွေးကြောမှတစ်ဆင့် ထိုးသွင်းရန် လိုအပ်သည်။ ယင်းဆေးကို ထိုးသွင်းပြီးနောက် အထူးကင်မရာဖြင့် ကျောက်ကပ်က ဆေးကို မည်သို့စစ်ထုတ်ကာ ဆီးလမ်းကြောင်းမှ စွန့်ထုတ်နေသည်ကို စစ်ဆေးခြင်းဖြစ်သည်။
အဆိုပါ DTPA Scan ရိုက်ကူးရာတွင် လိုအပ်သည့် ထိုးဆေးများကို ထိုင်း၊ အိန္ဒိယနှင့် ပိုလန်နိုင်ငံများမှ တင်သွင်းရခြင်းဖြစ်သော်လည်း ဆေးဝါးများ ပြည်တွင်းသို့ သွင်းခွင့်မရ၍ လူနာများစွာမှာ Booking တင်၍ အလှည့်ကျ စောင့်ဆိုင်းနေရကြောင်း သိရှိရသည်။
“DTPA Scan ရိုက်ဖို့အတွက် ပင်လုံဆေးရုံမှာ Booking တင်ထားတာ ၂ လရှိပြီ။ ထိုးဆေးမရောက်လို့ မရိုက်ရသေးဘူး။ ထိုးဆေးကလည်း ထိုင်း၊ အိန္ဒိယ၊ ပိုလန်နိုင်ငံတွေက တင်သွင်းတာ သွင်းမရလို့ ကိုယ့်လိုပဲ တန်းစီပြီး စောင့်နေရတဲ့လူတွေ အများကြီးရှိတယ်။ ဘယ်နေ့ရောက်မလဲဆိုတာလည်း အတိအကျ မသိရဘူး။ ဆေးရောက်ရင် ဖုန်းဆက်ပေးမယ်လို့ပဲ ပြောထားတယ်” ဟု လူနာတစ်ဦးက ပြောသည်။
DTPA Scan ကို လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ပင်လုံဆေးရုံတို့တွင်သာ ပြုလုပ်နိုင်ပြီး အခြားဆေးရုံများတွင် စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ကျောက်ကပ်ဝေဒနာရှင်များအတွက် အခက်အခဲပိုမိုကြုံတွေ့နေရကြောင်း သိရှိရသည်။
“ကုသမှုကို မြန်မြန်လုပ်နိုင်ဖို့ အချိန်မစောင့်ဘဲ လိုအပ်တာတွေ အမြန်ဆောင်ရွက်နေတာတောင် DTPA ရိုက်ရမယ့်အဆင့်တစ်ခုတည်းနဲ့ပဲ တိုင်ပတ်ပြီး လနဲ့ချီစောင့်နေရတယ်” ဟု အဆိုပါလူနာက ဆက်လက်ပြောဆိုသည်။
ကျောက်ကပ်ဝေဒနာရှင်များအတွက် လိုအပ်သည့် ဆေးဝါးနှင့် ဆေးကုသရေးပစ္စည်းများ ပြတ်လပ်မှုမှာ လပေါင်းများစွာကြာမြင့်နေပြီး အသက်ရှင်သန်ရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဆေးဝါးများ အမြန်ဆုံး ပြန်လည်ရရှိနိုင်ရန် လိုအပ်နေကြောင်း ကျောက်ကပ်ဝေဒနာရှင်များက ပြောဆိုကြသည်။
မြန်မာနိုင်ငံ၏ ဆေးဝါးစျေးကွက်သို့ ပြည်ပမှ ဆေးဝါးများ တင်သွင်းရန် လိုအပ်သည့် အမေရိကန်ဒေါ်လာ ရှားပါးခြင်းနှင့် စစ်ကောင်စီ၏ နိုင်ငံခြားငွေကြေး ထိန်းချုပ်မှုများကြောင့် ဆေးဝါးတင်သွင်းမှုများ လျော့နည်းလာကာ ဆေးဝါးပြတ်လပ်မှုနှင့် စျေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နေကြောင်း ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီများက ပြောဆိုထားသည်။
အထူးသဖြင့် ကျောက်ကပ်ဆေးရာတွင် အသုံးပြုရသည့် ဆေးရည်နှင့် ဆေးပစ္စည်းများ ပြတ်လပ်နေခြင်းမှာ ကျောက်ကပ်နာတာရှည် လူနာများအတွက် အဆိုးရွားဆုံး ပြဿနာတစ်ခုဖြစ်နေကြောင်း သိရှိရသည်။
“Hemodialysis Fluid A နဲ့ B ဆေးရည်ဆိုတာ သူတို့ ဆေးဝါးတွေ တင်သွင်းခွင့် ထိန်းချုပ်ကတည်းက ပြတ်လပ်နေတာ။ လုံလောက်အောင် သွင်းမရဘူး။ အဲဒီဆေးရည်တွေ ရှားပါးနေတာ နှစ်နဲ့ ချီနေပြီ။ ဆေးရည်စျေးနှုန်းတွေ တက်လာတော့ ကျောက်ကပ်ဆေးခတွေလည်း မိုးထိထောင်တက်နေတာ” ဟု ကျောက်ကပ်ဆေးကုသမှုပေးနေသည့် ပုဂ္ဂလိက ဆရာဝန်တစ်ဦးက ရှ်င်းပြသည်။
ကျောက်ကပ်ဆေးရည်များ ပြတ်လပ်ခြင်းနှင့် စျေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ကုသမှုကုန် ကျစရိတ်ကို မတတ်နိုင်တော့သည့် လူနာများလည်း ရှိလာနေပြီး အခမဲ့ကျောက်ကပ်ဆေးစင်တာများတွင် စောင့်ဆိုင်းသူများ များပြားနေသည့်အတွက် ကုသမှုရရှိရန် စောင့်ဆိုင်းနေစဉ် သေဆုံးသူများလည်းရှိကြောင်း ပြည်တွင်းကျောက်ကပ်ဝေဒနာရှင်အသိုင်းအဝိုင်းက ပြောဆိုသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

8
3
2
2
1September 6, 2026 831 2 3