မန္တလေးမှာ စစ်မှုထမ်းမဲနှိုက်မှု အာဏာပိုင်တွေနဲ့ ငွေကြေးချမ်းသာသူတွေရဲ့သားတွေ ကင်းလွတ်ခွင့်ရနေကြောင်း ပျူစောထီး ၁ဦး ထုတ်ပြော
စက်တင်ဘာ ၆ ရက်
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အဆိုပါရပ်ကွက်အတွင်း စစ်မှုထမ်းမဲနှိုက်တဲ့ လုပ်ငန်းစဉ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေအပြင် ရပ်ကွက်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သားတွေဟာ မဲနှိုက်ရမယ့်စာရင်းမှာ လုံးဝပါဝင်ခြင်းမရှိဘဲ ကင်းလွတ်ခွင့်ရနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဖြစ်တဲ့မန္တလေး ပြည်သူ့စစ် သတင်းတပ်ဖွဲ့က ရွှေမူမူအောင်က ဖွင့်ချပြောဆိုခဲ့ပါတယ်။
ဒေါ်ရွှေမူမူအောင်၏ ပြောကြားချက်အရ မဲနှိုက်ခြင်းမပြုရဘဲ ကင်းလွတ်နေသူတွေထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနိုင်ဝင်းအောင်ရဲ့ စစ်မှုထမ်းအသက်အရွယ် အကျုံးဝင်တဲ့သားတစ်ဦး၊ သမက်တစ်ဦးနဲ့ တူတစ်ဦး၊ ရာအိမ်မှူးတွေဖြစ်တဲ့ မင်းအောင်ရဲ့ သားတစ်ဦး၊ မအေးငြိမ်းရဲ့ သားတစ်ဦး၊ ညီညီရဲ့ သားနှစ်ဦးတို့လည်း မဲနှိုက်ရမယ့်စာရင်းမှာ မပါဘူးလို့ ရွှေမူမူအောင်က ပြောပါတယ်။
ဒါ့အပြင် ရပ်ကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မြို့မျက်နှာဖုံးတွေရဲ့ သားတွေ ၁၆ ဦးထက်မနည်း စစ်မှုထမ်း မဲနှိုက်ရခြင်းမရှိဘူးလို့ ၎င်းအမျိုးသမီးက ပြောဆိုပါတယ်။
"မဲလာနှိုက်တဲ့ပြည်သူတွေက အုပ်ချုပ်ရေးမှူးရဲ့ သားတွေသမက်တွေက ဘာလို့ မနှိုက်တာလဲလို့မေးတော့ မြို့နယ်ထွေအုပ်က ချပေးလိုက်တဲ့ စာရင်းအတိုင်းကိုပဲ သူတို့က မဲနှိုက်ခိုင်းရတာပါတဲ့။ သူတို့သားတွေက မြို့နယ်ထွေအုပ်က ချပေးလိုက်တဲ့ စာရင်းထဲမှာ မပါလို့ သူတို့မနှိုက်ရတာပါဆိုပြီး ပြောပါတယ်။ မြို့နယ်ထွေအုပ်က ဒီသူဌေးတွေရဲ့ နာမည်တွေလည်း မနှိုက်ခိုင်းဘူး။ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေရဲ့သားတွေလည်း မြို့နယ်ထွေအုပ်က နှိုက်ခိုင်းတဲ့အထဲမပါဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်"လို့ ရွှေမူမူအောင်က ပြောပါတယ်။
ရွှေမူမူအောင်က အဲဒီလူတွေကို အရေးယူဖို့နဲ့ သူမှားရင်လည်း သူ့ကိုအရေးယူနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ရပ်ကွက်အများစု မှာ စစ်မှုထမ်းမဲနှိုက်ခိုင်းနေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်း ဆိုးဆိုးရွားရွား ပြုလုပ်နေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာလုပ်မယ့်စစ်မှုထမ်းအပတ်စဥ်(၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
#LNO
#HlaingInfo
20
16
1
1September 6, 2026 1.5K 5