ရှားတော နောင်ပြူးကျေးရွာကို စစ်တပ် လေကြောင်းမှ ဗုံးကြဲမှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး၊
▪️ဗန်းမော်မြို့အနီးတွင် စစ်သင်္ဘောများ ဖျက်ဆီးခံရပြီးနောက် စာဝတီးရွာကို ပေါင် ၅၀၀ ဗုံးများ ကျဲချ
စက်တင်ဘာလ ၆ ရက်
ကရင်နီပြည်၊ ရှားတောမြို့နယ်၊ နောင်ပြူးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က Yak-130 ဖိုက်တာဂျက်လေယာဉ် အသုံးပြု၍ ရှားတောမြို့နယ်၊ နောင်ပြူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ကျေးရွာအတွင်းရှိ နေအိမ် ၆ လုံးလည်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
“နေ့လယ်ပိုင်းမှာ လေယာဉ်နဲ့ လာကျဲတာပါ။ ကလေး ၂ ယောက်အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိတယ်။ နေအိမ် ၆ လုံးလည်း ပျက်စီးသွားတယ်” ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။
တစ်ဖက်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းသို့ ဆက်လက်ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောများအနက် လက်နက်ခဲယမ်းများ အမြောက်အမြား တင်ဆောင်လာသည့် စစ်သင်္ဘောအချို့ ပစ်ခတ်ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် ဗန်းမော်မြို့သို့ မရောက်မီ ရေနီကန်သာအနီး၌ သဲသောင်တင်နေသည့် စစ်ကောင်စီ၏ စစ်သင်္ဘောကြီးအချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်ဖျက်ဆီးခံရသည့် သင်္ဘောများအနက် စစ်ကောင်စီဘက်က အရေးပါသည့် စစ်သင်္ဘောကြီးတစ်စီးပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ်ခဲယမ်းကျည်ဆံများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ အမြောက်အမြား တင်ဆောင်ထားခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် သင်္ဘောပေါ်ရှိ ခဲယမ်းများ ပေါက်ကွဲမီးလောင်ကာ အကြီးအကျယ် ပျက်စီးသွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။
စစ်သင်္ဘောများနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ရှိ အရပ်သားများနေထိုင်ရာ ကျေးရွာများကို လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးများကို ဗန်းမော်မြို့အောက်ဘက်ရှိ စာဝတီးကျေးရွာအတွင်း သို့ ကျဲချခဲ့ရာ ပြည်သူများ၏ နေအိမ်များနှင့် ကျေးရွာအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် မြေပြင်စစ်ရေးအခြေအနေများအပြင် ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် ဗန်းမော်ဒေသသို့ စစ်လက်နက်နှင့် ရိက္ခာများ ပို့ဆောင်ရန် ကြိုးပမ်းနေပြီး စစ်သင်္ဘောများ ပစ်ခတ်ဖျက်ဆီးခံရပြီးနောက် အနီးဝန်းကျင်ရှိ အရပ်သားကျေးရွာများအပေါ် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။
#KTM
#HlaingInfo

11
3
1September 6, 2026 707