ကျုံပျော်တွင် လေးမျက်နှာဘက်မှ စီးဝင်လာသည့် ရေများကြောင့် ကျေးရွာ ၁၄… — Hlaing Info — TG.ME

ကျုံပျော်တွင် လေးမျက်နှာဘက်မှ စီးဝင်လာသည့် ရေများကြောင့် ကျေးရွာ ၁၄ ရွာထက်မနည်း ရေကြီးနစ်မြုပ်နေ၊ ရေသန့်နှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

စက်တင်ဘာလ ၆ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် အထက်ပိုင်းလေးမျက်နှာမြို့နယ်ဘက်မှ စီးဆင်းလာသည့် ရေများ ကြောင့် ကျေးရွာအများအပြား ရေကြီးနစ်မြုပ်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရပြီး သောက်သုံးရေသန့်နှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

လေးမျက်နှာမြို့နယ်တွင် ဩဂုတ်လ ၃၁ ရက်နေ့၌ ရေပြန်လည် ကျဆင်းသွားပြီး သွားလာရေး ပုံမှန်အတိုင်း ဖြစ်သွားသော်လည်း အဆိုပါဘက်မှ ကျဆင်းလာသည့် ရေများသည် ငါးသိုင်းချောင်းနှင့် ကျုံပျော်မြို့နယ်ဘက်သို့ စိမ့်ဝင်စုဝေးလာခြင်းဖြစ်သည်။

လက်ရှိတွင် ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် အလှူရှင်များမှာ ငါးသိုင်းချောင်းနှင့် လေးမျက်နှာဘက်သို့သာ အဓိက သွားရောက်လှူဒါန်းခဲ့ကြသဖြင့် ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာများမှာ ကွက်၍ အကူအညီမဲ့နေပြီး စားနပ်ရိက္ခာနှင့် သောက်သုံးရေသန့်များ အရေးပေါ် လိုအပ်နေခြင်း ဖြစ်သည်။

ကျုံပျော်ဒေသခံတစ်ဦးက "လေးမျက်နှာရေက ၈ လပိုင်း ၃၁ ရက်နေ့မှာ လုံးလုံးကျသွားတယ်။ ပုံမှန်အနေအထား သူတို့က သွားလို့လာလို့ရတယ်ပေါ့။ သူတို့ဘက်က ကျတဲ့ရေတွေက ငါးသိုင်းချောင်းနဲ့ ကျုံပျော်ဘက်မှာ လာစုတာပေါ့။ ဒီဘက်က အလှူရှင်တွေမရောက်ဘူး။ အလှူရှင်တွေက ငါးသိုင်းချောင်းနဲ့ လေးမျက်နှာဘက်မှာပဲ လှူခဲ့ကြတာဆိုတော့ ကျုံပျော်က ကွက်ပြီးတော့ အခက်အခဲတွေဖြစ်နေတာပေါ့။ စားနပ်ရိက္ခာနဲ့ ရေသန့်တွေလည်း လိုအပ်နေတယ်" ဟု ပြောသည်။

ထို့ပြင် လက်ရှိ ရေထုမှာ ညစ်ညမ်းနေပြီး တုန်ကင်တွင်းများလည်း ရေမြုပ်နေသဖြင့် သောက်သုံးရေ ရရှိရေးအတွက်ပါ အခက်အခဲဖြစ်နေကာ မိုးရေကို အဓိကထား အသုံးပြုနေရကြောင်း သိရသည်။

စက်တင်ဘာလ ၅ ရက်နေ့အထိ ကျုံပျော်မြို့နယ်အတွင်းရှိ ကံစုကျေးရွာမှ လူဦးရေ ၄၀၀ ကျော်၊ ထော်တိကျေးရွာမှ လူဦးရေ ၃၀၀ ကျော်၊ ရေတိမ်ကျေးရွာမှ လူဦးရေ ၇၀၀ ကျော်၊ ကွမ်းဘောဇရပ်ဆိပ်ကျေးရွာမှ လူဦးရေ ၁၇၀၀ ကျော်၊ မအူချောင်းကျေးရွာမှ လူဦးရေ ၅၀၀ ကျော်၊ အုန်းပင်စုကျေးရွာ၊ ရွှေကြို့ကုန်းကျေးရွာမှ လူဦးရေ ၄၀၀ ကျော်၊ အင်းရဲကြီးကျေးရွာမှ လူဦးရေ ၃၀၀ ကျော်၊ သဘော့ရိုးကျေးရွာမှ လူဦးရေ ၆၀၀ ကျော်၊ ညောင်ကုန်းကျေးရွာမှ လူဦးရေ ၄၀၀ ကျော်၊ သုံးအိမ်တန်းကျေးရွာမှ လူဦးရေ ၃၀၀ ကျော်၊ ပက်ပက်အင်းကျေးရွာမှ လူဦးရေ ၅၀၀ ကျော်၊ ဆင်ကူးကျေးရွာနှင့် ဆားကျက်ကုန်းကျေးရွာမှ လူဦးရေ ၃၀၀ ကျော်သည် ရေဘေးကြုံနေရကြောင်း သိရှိရသည်။

#KTM
#HlaingInfo
😢26🔥5❤2
September 6, 2026 1.5K 1 1