အမတ်တုနှင့် ပြည်သူ တွေ့ဆုံပွဲတွင် အရာရှိဆိုးများပါလာသဖြင့်… — Hlaing Info — TG.ME

အမတ်တုနှင့် ပြည်သူ တွေ့ဆုံပွဲတွင် အရာရှိဆိုးများပါလာသဖြင့် ချောင်းဆုံပြည်သူများ စိတ်ပျက်

▪️မွန်အမတ် ၃ ဦးပေါင်းလည်း နိုင်ငံရေး၁၀တန်းမအောင်ဟုဆို

6 Sep 2026 By MPA

ချောင်းဆုံပြည်သူများကို ဒုက္ခပေး လာဘ်စားနေသည့် အရာရှိဆိုးများကို မွန်ညီညွတ်ရေးပါတီ အမတ်များက လူထုတွေ့ဆုံပွဲသို့ ခေါ်လာသဖြင့် ဒေသခံများ စိတ်ပျက်နေကြကြောင်း သိရသည်။

စက်တင်ဘာ၄ရက်က ပြုလုပ်သည့် မုဒွန်းရွာပြည်သူများနှင့် မွန်ညီညွတ်ရေးပါတီ အမတ်တုတို့ တွေ့ ဆုံပွဲသို့ မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများကိုပါ ခေါ်ဆောင်သွား သဖြင့် ဒေသခံတို့က ၎င်းတို့ဖြစ်စေချင်သော ဆန္ဒအမှန်ကို ထုတ်ဖော်ပြောရဲခြင်း မရှိကြကြောင်း ဒေသခံအချို့ထံက သိရသည်။

“ပြည်သူတွေက အုပ်ကြီးတွေ မတရားလုပ်နေတာတွေ၊ မြေယာအရောင်းအဝယ်မှာ မတရားခြိမ်း ခြောက်လာဘ်စားခံနေရတာတွေ၊ လဝကရုံးမှာ မှတ်ပုံတင်လုပ်ရင် ငွေအတောင်းကြမ်းနေတာတွေ ကို လွှတ်တော်အမတ်မင်းတွေ ဘာလုပ်ပေးနိုင်မလဲဆိုပြီး ရင်ဖွင့်ချင်တယ်လေ။အဲဒါ ခေါ်လာတဲ့ ကောင်တွေက ပက်ပက်စက်စက်လာဘ်စားနေတဲ့ကောင်တွေ၊ပြီးတော့ အာဏာလည်း ရှိတဲ့ကောင် တွေလေ။ဘယ်သူက မျက်နှာချင်းဆိုင် ပြောရဲကြမလဲ”ဟု ချောင်းဆုံမြို့နယ်၊သ‌က္ကောရွာသားတစ်ဦး ကMPA သို့ပြောသည်။

မုဒွန်းရွာ လူထုတွေ့ဆုံပွဲသို့ ရောက်ရှိလာသည့် အရာရှိဆိုးများက လုံခြုံရေးဟုဆိုကာ ရဲနှင့် ပြည်သူ့ စစ်များလည်း ခေါ်လာသဖြင့် ပြည်သူတို့က ဒေသဖွံ့ဖြိုးရေးကိစ္စကိုသာ တင်ပြကြကြောင်းသိရသည်။

“ပါလာတာ ထွေအုပ်ဇော်နိုင်ဝင်း၊ မျိုးဝင်း၊လဝကဦးစီးမှူး။ ပက်ပက်စက်စက်လာဘ်စားတဲ့ ကောင် တွေချည်းပဲ။သူတို့ရှေ့မှာ ဘယ်သူက ကျနော်၊ကျမတို့ မတရားခံနေရပါတယ်လို့ ပြောရဲမလဲ။ ဟိုက ပွဲပြီးတာနဲ့ တစ်ခါတည်း ဖမ်းသွားမှာ”ဟု ၎င်းက ဆက်လက်ပြောသည်။

နောက်နောင် ဒေသခံများနှင့် တွေ့ဆုံကာ ပြည်သူတို့၏ အစစ်အမှန်အသံကို နားထောင်လိုပါက ဌာန ဆိုင်ရာအရာရှိများ ခေါ်မလာရန် ချောင်းဆုံမြို့နယ်၊ကလွီရွာသားတစ်ဦးက အကြံပြုသည်။

“အဲဒီလိုမှ မဟုတ်ဘူး။အဲဒီသူခိုး(ဌာနဆိုင်ရာအရာရှိဆိုး)တွေ ထပ်ခေါ်လာဦးမယ်ဆိုရင်တော့ မွန်အ မတ်တွေက ပြည်သူတွေရဲ့ အစစ်အမှန်အသံကို နားမထောင်ရဲလို့၊ဒါမှမဟုတ် ပြည်သူ့အသံကို မဖော် ဆောင်ပေးရဲလို့ ခေါ်လာတယ်လို့ သတ်မှတ်ရမယ်။ သူခိုးတွေနဲ့ မွန်အမတ်တွေ တကြိတ်တည်း တဉာဏ်တည်းလို့ သတ်မှတ်ရမယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ချောင်းဆုံမြို့နယ်၏ ပြည်သူ့ပါတီ ပြည်နယ်အမတ် အောင်ကိုဝင်းသန်း ဒေသခံများနှင့် သီးသန့်တွေ့ဆုံခဲ့သဖြင့် ပြည်သူတို့၏အသံအစစ်အမှန်ကို သိရှိခွင့်ရခဲ့ကြောင်း ဒေသ တွင်းပါတီများနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

“တည့်တည့်ပြောရရင် ချောင်းဆုံက မွန်ညီညွတ်ရေးပါတီ အမတ်၃ယောက်ပေါင်းလို့ နိုင်ငံရေးစာ အုပ် ၁၀အုပ်ပြည့်အောင် မဖတ်ဖူးဘူးဆိုတာ သူတို့ချောင်းဆုံပါတီဝင် တော်တော်များများ သိတယ်။ အားမနာတမ်းထပ်ပြောရရင် ၃ယောက်ပေါင်းလို့မှ နိုင်ငံရေး၁၀တန်းမအောင်တဲ့သူတွေ။ နိုင်ငံရေး ကျပ်မပြည့်တော့ ဌာနဆိုင်ရာကို မျက်နှာလုပ်ဖို့ပဲ တတ်တယ်။ပြည်သူ့မျက်နှာ ဘာဖြစ်ဖြစ်ဆိုတဲ့အ စားထဲက”ဟု ၎င်းက ပြောသည်။

ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်းသည် ယခင် စစ်ကောင်စီလက်ထက်ကလည်း အကြီး အကျယ်လာဘ်စားခဲ့သလို ယခုလည်း မလျှော့သောဇွဲလုံ့လဖြင့် လာဘ်စားမြဲဖြစ်ကြောင်း မျိုးဝင်း သည် ချောင်းဆုံမြို့နယ်ကြံ့ဖွံ့ဥက္ကဌလည်း ဖြစ်ပြီး မွန်ဝန်ကြီးချုပ်ပြုတ် အောင်ကြည်သိန်း၏ တပည့် ဖြစ်ကာ စစ်ကောင်စီလက်ထက်ကတည်းက ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးဖြစ် သည်။ ၎င်းသည် ရွေးကောက်ပွဲအတုတွင် ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော်မှ ဝင် ရောက်ယှဉ် ပြိုင်ရာ ရှုံးနိမ့်ခဲ့သော်လည်း ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ဆက်လက် ခန့်ထား ခြင်းခံရကာ ဇော်နိုင်ဝင်းနှင့်ပေါင်း၍ ပြည်သူကို အာဏာပြ လာဘ်စားနေသူဖြစ်ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် လဝကရုံးတွင် မှတ်ပုံတင်လုပ်ပါက အနည်းဆုံး ကျပ်၅သောင်းပေးရပြီး သွေးနှော ဆိုပါက ၅သိန်းမှ ၁၅သိန်းအထိ ပေးရကြောင်း သက္ကောရွာသားက ပြောသည်။

“မှတ်ပုံတင်လုပ်ရင် နိုင်ငံခြားသွားဖို့ဆိုရင် ပိုရိတ်တယ်။အမြန်လိုချင်ရင်၊ ရစ်လို့ရတဲ့ အထောက်အ ထား မပြည့်စုံရင် ပိုရိတ်တယ်။အားလုံးသိကြတယ်။ဇော်နိုင်ဝင်းနဲ့ မျိုးဝင်းဆိုလည်း တစ်မြို့လုံး အော့ကြောလန်တွေ”ဟု ၎င်းက ဆက်လက်ပြောသည်။

မုဒွန်းရွာသားများနှင့် တွေ့ဆုံခဲ့သော ချောင်းဆုံမြို့နယ်ကိုယ်စားပြု မွန်ညီညွတ်ရေးပါတီ အမတ်များ မှာ ပြည်သူ့လွှတ်တော်အမတ်တု မင်းစိုးသူ၊ အမျိုးသားလွှတ်တော်အမတ်တု ရဲထွဋ်အောင်နှင့်နိုင် အမ်ချမ်းမွန်တို့ဖြစ်သည်။

ဓာတ်ပုံ-မွန်ညီညွတ်ရေးပါတီ-ချောင်းဆုံ
ပုံစာ-မုဒွန်းဒေသခံများနှင့် တွေ့ဆုံစဉ်။
#MPA
#HlaingInfo
😁28❤7🔥3👎1
September 6, 2026 1.5K 1 3