ဗန်းမော်မြို့သို့ မရောက်ရှိသေးသည့် စစ်သင်္ဘော ၁ စီးကို… — Hlaing Info — TG.ME

ဗန်းမော်မြို့သို့ မရောက်ရှိသေးသည့် စစ်သင်္ဘော ၁ စီးကို ထပ်မံတိုက်ခိုက်ဖျက်ဆီးလိုက်ပြီး ၁ ရက်ကျော်အချိန်အတွင်း စစ်ရေယာဉ် ၄ စီးထိခိုက်ပျက်စီးဟုဆို၊

▪️မန္တလေးမှ စစ်ရေယာဉ် ၃၀ ကျော် ထပ်မံဆန်တက်လာ

စက်တင်ဘာ ၅ ရက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နှင့် ဗန်းမော်မြို့အကြား ဧရာဝတီမြစ်ကြောင်းတွင် ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောတစ်စီးကို ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင် ရွှေကူနှင့် ဗန်းမော်အကြား စင်းခန်းဒေသအထက်ပိုင်း၌ ဗန်းမော်မြို့ဘက်သို့ ဦးတည်ဆန်တက်လာသည့် စစ်သင်္ဘောတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမတိုင်မီ စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း အဆိုပါမြစ်ကြောင်း၌ စစ်သင်္ဘော ၃ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ ယနေ့တိုက်ခိုက်မှုအပါအဝင် ၁ ရက်ကျော်အတွင်း စစ်ရေယာဉ် ၄ စီးအထိ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

"ဒီမနက် စင်းခန်းတံတားအထက် ညောင်ပင်သာမရောက်မီမှာ သင်္ဘော ၁ စီးကို ထပ်ပြီး တိုက်ခိုက်ဖျက်ဆီးပါတယ်။ မနေ့က ၃ စီး၊ ဒီနေ့  ၁ စီး စုစုပေါင်း ၄ စီးဖျက်ဆီးထားနိုင်ပါတယ်" ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီက ဗန်းမော်မြို့ဘက်သို့ စစ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းနိုင်ရေးအတွက် မန္တလေးမြို့မှ စစ်ရေယာဉ်အုပ်စုအသစ်များကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်တိုက်ဆန်တက်စေလျက်ရှိကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းနှင့် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတို့တွင် မန္တလေးမြို့ရှိ ဂေါ်ဝန်ဆိပ်ကမ်းမှ စစ်ရေယာဉ်များ အဆက်မပြတ် ထွက်ခွာလာခဲ့ပြီး လက်ရှိတွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းသို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာနေကြောင်း သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် ပထမဆုံး ဆန်တက်လာသည့် တိုက်ခိုက်ရေးသင်္ဘောအပါအဝင် စစ်ရေယာဉ် ၆ စီးသည် လက်ရှိတွင် မတ္တရာမြို့နယ်၊ ရှင်လှအလယ်ကျေးရွာကို ကျော်လွန်ကာ ဘိုးကြီးကျွန်းကျေးရွာအရှေ့ဘက်သို့ ရောက်ရှိနေကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။

ထို့အပြင် စက်တင်ဘာလ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် နောက်ထပ် ဆန်တက်လာသည့် တွဲတွန်းသင်္ဘောများနှင့် သံခွန်ယာဉ်များ အစီး ၃၀ နီးပါးသည်လည်း မတ္တရာမြို့နယ်၊ သဖန်းဒေါင့်ကျေးရွာအနောက်ဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ယင်းကြောင့် လက်ရှိတွင် မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ရေယာဉ် ၃၀ ကျော် ဆက်တိုက်ဆန်တက်လာနေခြင်းဖြစ်သည်။

ပထမအသုတ် ထွက်ခွာလာသည့် စစ်ရေယာဉ် ၆ စီးပါ အုပ်စုကို တိုက်ခိုက်ရေးသင်္ဘောက ဦးဆောင်လာခြင်းဖြစ်ပြီး မတ္တရာမြို့နယ် အနောက်တောင်ဘက် နန်းတော်ကျွန်းကျေးရွာအနီးသို့ ရောက်ရှိချိန်မှစတင်၍ မြစ်ကမ်းဘေးကျေးရွာများဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် စစ်ရေယာဉ်အုပ်စုသည် မတ္တရာမြို့အနောက်ဘက်ရှိ ကုန်းတန်းလေး၊ သုံးဆယ်ပေး၊ သဖန်းဒေါင့်နှင့် ရှင်လှကျေးရွာများဘက်သို့ ဆက်လက်ဖြတ်သန်းကာ မြစ်ညာဘက်သို့ ဆန်တက်လျက်ရှိကြောင်း သိရသည်။

စစ်ရေယာဉ်များ မန္တလေးမြို့မှ မထွက်ခွာမီ စက်တင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း မန္တလေးမြို့၊ မရမ်းခြံဆိပ်ကမ်း၌ စစ်ကောင်စီတပ်က သင်္ဘောများပေါ်သို့ စစ်အင်အားများ ဖြည့်တင်းခြင်း၊ တွဲတွန်းသင်္ဘောများကို စမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယခု ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုများမှာ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဧရာဝတီမြစ်ကြောင်း၌ တော်လှန်ရေးတပ်ဖွဲ့များ၏ အဆက်မပြတ်တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရသည့် စစ်ရေယာဉ်များနှင့် ဆက်စပ်နေသည်။

ဩဂုတ်လလယ်ပိုင်းက မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း မြစ်ညာဘက်သို့ ဆန်တက်လာခဲ့သော စစ်သင်္ဘော ၁၅ စီးပါ အုပ်စုကို ဖြတ်သန်းရာမြစ်ကြောင်းတစ်လျှောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများနှင့် တိုက်ခိုက်ခဲ့သည်။

ယင်းသို့ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး စစ်ရေယာဉ် ၈ စီး မီးလောင်ပျက်စီးခဲ့ပြီး စစ်သင်္ဘော ၂ စီးမှာလည်း လက်နက်ချ အလံဖြူထောင်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ဆိုသည်။

အဆိုပါ စစ်ရေယာဉ်အုပ်စုသည် မန္တလေးမြို့မှ ဆန်တက်လာပြီးနောက် ဩဂုတ်လ ၂၇ ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိဆိုက်ကပ်ခဲ့သည်။ ထို့နောက် စက်တင်ဘာလ ၂ ရက်နေ့တွင် ဗန်းမော်မြို့ဘက်သို့ ဆက်လက်ဆန်တက်လာစဉ် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မန္တလေးမှ စစ်ရေယာဉ်အုပ်စုအသစ်များကို ထပ်မံဆန်တက်စေလျက်ရှိသဖြင့် ဗန်းမော်မြို့ဘက်သို့ ဦးတည်သည့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက သုံးသပ်ထားသည်။

#KTM
#HlaingInfo
❤26👍6😁5👏4
September 5, 2026 1.4K 1 3