စစ်တပ်ပြန်ကြားရေးနဲ့ စစ်လော်ဘီတွေပြောတာမယုံဘဲ စစ်သားတွေ အလင်းဝင်ကြဖို့ ပြည်သူ့ပန်းတိုင် တိုက်တွန်း
စက်တင်ဘာလ ၅ ရက်
အာဏာသိမ်းစစ်တပ်ရဲ့ ပြန်ကြားရေးနဲ့ စစ်လော်ဘီတွေ ပြောသမျှ မယုံကြဘဲ စစ်သားတွေ အလင်းဝင်လက်နက်ချကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။
ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေတဲ့ စစ်တပ်ရဲ့ ပြေးဟပရောဂျက် ယခုတပတ် အစီအစဉ်ကို ဒီကနေ့ စက်တင်ဘာ ၅ရက်မှာ ဖော်ပြခဲ့ရာ ဩဂုတ်နောက်ဆုံးပတ်အတွင်း စစ်တပ်က အလင်းဝင်၊ ပူးပေါင်း လက်နက်ချ အခြေအနေကို အသိပေးရင် အခုလို တိုက်တွန်းလိုက်တာပါ။
“လူမှုကွန်ယက်ပေါ်က သတင်းတု၊ သတင်းမှားတွေကို မယုံကြည်ကြဖို့ တပ်ချုပ် ရဲဝင်းဦးက ပြောပါတယ်။ဟုတ်ပါတယ်၊ မယုံကြပါနဲ့။စစ်တပ်စိုးမိုးထားတယ်"ဆိုတဲ့ စစ်လော်ဘီချန်နယ်က တင်တဲ့သတင်းတွေကို ယုံပြီး လမ်းသလားမိလို့ PDF တွေဆီမှာ အဖမ်းခံလိုက်ရတဲ့ အရာရှိတွေ၊ ရဲတွေ၊ စစ်သားတွေ မနည်းတော့ပါဘူး။ အခုလည်း ဗန်းမော်သွားတဲ့ စစ်သင်္ဘောတွေ ဘာမှ မဖြစ်ပါဘူးဆိုပြီး စစ်လော်ဘီတွေ ပြောနေကြချိန်မှာ စင်းခန်းနား အတိုက်ခံရလို့ စစ်သင်္ဘောတွေ နစ်မြုပ်ပြီး စစ်သားတွေ ဧရာဝတီမြစ်ထဲ မျောနေကြပါတယ်။ ဉာဏ်ကူပြီး အလံဖြူထောင်သူတွေကတော့ အသက်ရှင်သန်ခွင့် ရသွားကြပါပြီ။ဟုတ်ပါတယ်၊ စစ်တပ်ပြန်ကြားရေးနဲ့ စစ်လော်ဘီတွေ ပြောသမျှ မယုံကြပါနဲ့။ စစ်သည်တွေ အလင်းဝင်ကြပါ၊ လက်နက်ချကြပါ။” လို့ ပြည်သူ့ပန်းတိုင်က ရေးသားထားပါတယ်။
ဩဂုတ်လ စတုတ္ထပတ်အတွင်း အလင်းဝင် ၊ လက်နက်ချသူ စစ်သား ၆ဦး အပါအဝင် ၂၀၂၅ ဇန်နဝါရီကနေ အခုနှစ် ဩဂုတ် စတုတ္ထပတ်အထိ အလင်းဝင် လက်နက်ချနဲ့ စစ်သုံ့ပန်း စုစုပေါင်း ၃၈၂၁ ဦး ရှိကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးထားပါတယ်။
ပြည်သူ့ပန်းတိုင်က ဖော်ပြတဲ့ ဗန်းမော်မြို့ကို သွားတဲ့ စစ်သင်္ဘောတွေက အလံဖြူထောင် လက်နက်ချမှု ဖြစ်စဉ်ဟာ စက်တင်ဘာ ၂ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။
စက်တင်ဘာ ၂ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို သွားတဲ့ စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘော ၂စီးဟာ ကမ်းကပ် အလံဖြူထောင်လက်နက်ချခဲ့တာလို့ဆိုပါတယ်။
သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ စစ်သား ၁၅၀ ကျော်နဲ့ ရဲတွေ အပါအဝင် စစ်သုံ့ပန်း ၁၉၀ ခန့် ရှိပြီး လုံခြုံရာ ပြောင်းရွှေ့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်သင်္ဘောတွေ ထိခိုက်နစ်မြှုပ်စဉ် ရေထဲခုန်ချ ရေထဲမျောပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း KIA ပူးပေါင်းတပ်က ကမ်းကပ်စေပြီး ဖမ်းဆီးရမိတာတွေလည်းရှိပါတယ်။
(ကရင်ပြည်နယ်မှာ ကော်ဘရာစစ်ကြောင်းဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဗိုလ်မှူးစောဒါဘောနဲ့အတူ စက်တင်ဘာ ၄ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − CJ)
#LNO
#HlaingInfo

35
18
13
6
4September 5, 2026 3K 3