ညောင်ဦးတွင် ဆည်မြောင်း ဦးစီးအရာရှိ ဇင်မင်းထိုက် ဆိုင်ကယ်ဖြင့်… — Hlaing Info — TG.ME

ညောင်ဦးတွင် ဆည်မြောင်း ဦးစီးအရာရှိ ဇင်မင်းထိုက် ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် လက်နက် ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခံရပြီး ပျောက်ဆုံး

စက်တင်ဘာလ ၆ ရက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ဆည်မြောင်း ဦးစီးအရာရှိ ဇင်မင်းထိုက် ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးမှုခံလိုက်ရပြီး ပျောက်ဆုံးနေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (လျှပ်စစ်/စက်မှု) ဇင်မင်းထိုက် ဆိုသူကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသော ဇင်မင်းထိုက်သည် လောကနန္ဒ မြစ်ရေတင် စီမံကိန်းမှ ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် ပုဂံမြို့၊ နွားကြိုးအိုင်ကျေးရွာ အနီးတွင် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဖမ်းဆီးခံရတာဟုတ်တယ်။ ကျနော်တို့ အတည်မပြုနိုင်တာက ဘယ်အဖွဲ့က ဖမ်းသွားလဲဆိုတာတော့ မသိဘူး။ အဲ့ဘက်မှာက စစ်ခွေး စစ်ကြောင်းလည်းရှိသလို တော်လှန်ရေးတပ်တွေလည်းရှိတယ်။ အခုခွေးတွေက အဲ့ဘက်မှာ စစ်ကြောင်းထိုးမီးရှို့တာတွေ လုပ်နေတာ ပြည်သူတွေလည်း အကုန်လုံးတိမ်းရှောင်နေရတယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနက သက်ဆိုင်ရာနယ်မြေအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များကို ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိသေးပေ။

ဓာတ်ပုံ- ညောင်ဦးတွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
#KTM
#HlaingInfo
👍44❤5👏5🔥1🤔1
September 6, 2026 2.5K 7