ရှမ်းပြည်နယ်၊ ကျိုင်းတုံလေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ်… — Hlaing Info — TG.ME

ရှမ်းပြည်နယ်၊ ကျိုင်းတုံလေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ရေး စီမံကိန်းကို မင်းအောင်လှိုင်သား အောင်ပြည့်စုံ၏ Sky One Construction က လုပ်ပိုင်ခွင့်ရရှိပြီး လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသော ကန်ထရိုက်တာများကို ငွေရှင်းမပေး

စက်တင်ဘာလ ၆ ရက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံလေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ရေးစီမံ ကိန်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံပိုင် Sky One Construction ကုမ္ပဏီက ၂၀၂၃ ခုနှစ်ကတည်းက လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး စီမံကိန်းတွင် လုပ်ငန်းခွဲများ လက်ခံဆောင် ရွက်နေသည့် ကန်ထ ရိုက်တာများအား စာချုပ်ပါသဘောတူညီချက်အတိုင်း ငွေပေးချေခြင်းမရှိဘဲ နှစ်နှင့်ချီ ကြန့်ကြာနေကြောင်း စီမံကိန်းတွင် ပါဝင်ပတ်သက်နေသော စီးပွားရေးသမားများထံမှ သိရှိရသည်။

မင်းအောင်လှိုင်က ကျိုင်းတုံလေဆိပ် အဆင့်မြှင့်တင်ရေးစီမံကိန်းကို သားဖြစ်သူကို လုပ်ပိုင်ခွင့်ချထားပေးပြီးနောက် Sky One Construction ကုမ္ပဏီက လေဆိပ် အဆင့်မြှင့်တင်ရေး လုပ်ငန်းအမျိုးအစားအလိုက် ကန်ထရိုက်တာခွဲများကို ပြန်လည်ခေါ်ယူကာ စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း၊ သို့သော် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်တိုင် စာချုပ်အရ ရရှိရမည့် ငွေကြေးများကို ယခုအချိန်အထိ ရှင်းလင်းပေးခြင်းမရှိဘဲ နှစ်နှင့်ချီ ကြန့်ကြာနေကြောင်း သိရှိရသည်။

“၂၀၂၃ ခုနှစ်ကတည်းက ဒီစီမံကိန်းကို ရထားတာပါ။ သူတို့ကနေ Subcontractor တွေ ပြန်ခေါ်တယ်၊ စာချုပ်ချုပ်တယ်။ လုပ်ငန်းတွေ လုပ်ပြီးသွားတာကို စာချုပ်ပါအတိုင်း ငွေရှင်းမပေးဘူး။ နှစ်နဲ့ချီနေပြီ ငွေမရှင်းပေးတာ။ သူ့အဖေက တပ်ချုပ်ဖြစ်နေတော့ ငွေမရတဲ့ ကန်ထရိုက်တာတွေကလည်း ဘာမှ ထုတ်မပြောရဲကြဘူး” ဟု စီမံကိန်းနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

Sky One Construction ၏ Managing Director အဖြစ် မောင်မောင်နိုင်က အဓိကတာဝန်ယူနေပြီး ကျိုင်းတုံလေဆိပ်စီမံကိန်းတွင် လုပ်ငန်းခွဲ ကန်ထရိုက်တာများနှင့် ချုပ်ဆိုထားသည့် စာချုပ်များကို မောင်မောင်နိုင်က လက်မှတ်ရေးထိုးထားကြောင်း၊ စာချုပ်ပါ သဘော တူညီချက်များအတိုင်း ငွေပေးချေမှုများ မပြုလုပ်ခြင်း၊ အကြောင်းပြချက်မရှိဘဲ ငွေပေးချေမှုများကို နှစ်နှင့်ချီ ကြန့်ကြာစေခြင်းတို့ကြောင့် တွဲဖက်အလုပ်လုပ်နေရသော ကန်ထရိုက်တာများ အခက်အခဲဖြစ်နေကြောင်း သိရှိရသည်။

ကျိုင်းတုံလေဆိပ်စီမံကိန်းကို အဓိက လုပ်ကိုင်နေသော Sky One Construction တွင် အရေးကြီးသည့်ဆုံးဖြတ်ချက်များကို မောင်မောင်နိုင်က ချမှတ်နေခြင်းဖြစ်ပြီး မောင်မောင်နိုင်၏ ကတိမတည်မှုကြောင့် တွဲဖက်အလုပ်လုပ်သူများက မိမိတို့၏ လုပ်ငန်းများ ပြီးမြောက်သည့်တိုင် ငွေမရရှိကြကြောင်း သိရှိရသည်။

“Payment တွေ မရတော့၊ စာချုပ်ပါအတိုင်းလည်း ငွေပေးချေမှုမရှိတော့ ပန်းရံတွေ၊ ကျွမ်းကျင်အလုပ်သမားတွေတောင် လေဆိပ်စီမံကိန်းမှာ မလုပ်ချင်ကြတော့ဘူး” ဟု စီမံကိန်းနှင့် ဆက်စပ်နေသူတစ်ဦးက ပြောဆိုသည်။

ကျိုင်းတုံမြို့ သည် ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံတို့နှင့် နီးစပ်သည့် နယ်မြေဖြစ်သဖြင့် ကျိုင်းတုံလေဆိပ် ကို အဆင့်မြှင့်တင်ပြီး နိုင်ငံတကာလေယာဉ်ကြီးများ ဆင်းသက်နိုင်ရေးနှင့် အိမ်နီးချင်းနိုင်ငံများမှ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ချိတ်ဆက်နိုင်ရေး ကျိုင်းတုံလေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ခြင်းဖြစ်သည်ဟု မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။ ယင်းအပြင် ကျိုင်းတုံမြို့တွင် မင်းအောင်လှိုင် ကိုးကွယ်သော ၀စိပိတ်ဘုန်းကြီးလည်း အခြေပြု နေထိုငလျက်ရှိသည်။

ကျိုင်းတုံလေဆိပ်စီမံကိန်းအပြင် Sky One Construction နှင့် ဆက်စပ်သည့် အခြားဆောက်လုပ်ရေးစီမံကိန်းများတွင်လည်း လုပ်ငန်းခွဲကန်ထရိုက်တာများအတွက် ငွေပေးချေမှုဆိုင်ရာ ပြဿနာများရှိနေကြောင်း သိရှိရသည်။

မောင်မောင်နိုင်သည် အောင်ပြည့်စုံ၏ လူယုံဖြစ်ပြီး မင်းအောင်လှိုင် မိသားစု၏ စီးပွားရေးလုပ်ငန်းများစွာတွင် အဓိကတာဝန်ယူလုပ်ကိုင်ပေးနေသူတစ်ဦးဖြစ်ကာ အောင်ပြည့်စုံပိုင် Sky One Construction ၏ ထိပ်ပိုင်းစီမံခန့်ခွဲရေးတာဝန်များကိုလည်း ရယူထားသူဖြစ်သည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံ၏ စီးပွားရေးလုပ်ငန်းများတွင် တာဝန်ယူလုပ်ကိုင်ပေးနေသည့် မောင်မောင်နိုင်ကို လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
❤22🤬20😁12👎3😱2🔥1👏1
September 6, 2026 2.7K 1 8