ရန်ကုန်တွင် စစ်မှုထမ်းအတွက် လူငယ်များကို အတင်းအဓမ္မ… — Hlaing Info — TG.ME

ရန်ကုန်တွင် စစ်မှုထမ်းအတွက် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ အလွန် ဆိုးရွားလာနေ၊

▪️ မရမ်းကုန်းတွင် မောင်ဝဏ္ဏဖြိုး နေ့ခင်းဘက် မုန့်ဝယ်ထွက်ရာမှ ပျောက်ဆုံးနေ

စက်တင်ဘာလ ၅ ရက်

ရန်ကုန်မြို့တွင် စစ်ကောင်စီက စစ်မှုထမ်းအတွက် လူငယ်များကို လမ်းပေါ်တွင် တွေ့ရာမြင်ရာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပေါ်တာဆွဲမှုများ ပိုမိုဆိုးရွားလာနေကြောင်း ဒေသခံများနှင့် မျက်မြင်တွေ့ရှိသူများက ပြောဆိုကြသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက်အစောပိုင်းက မြောက်ဒဂုံမြို့နယ်၊ ကပရမှတ်တိုင်အနီး သခင်ဗစိန်လမ်းပေါ်တွင် လူငယ် ၂ ဦးကို အရပ်သားကားနှင့် အတင်းအဓမ္မ ခေါ်ဆောင်သွားသည်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ရေးသားထားသည်။

ယမန်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် Lite Truck အမျိုးအစား အရပ်သားကားတစ်စီးဖြင့် ရောက်ရှိလာသူများက ပန်းရံအလုပ်သမားများဟု ယူဆရသည့် လူငယ် ၂ ဦးကို ကားပေါ်သို့ အတင်းတင်ဆောင်ခေါ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သူများထဲတွင် အရပ်ဝတ်ဝတ်ဆင်ထားသူများနှင့် ရဲတပ်ဖွဲ့ဝင်အချို့ ပါဝင်နေသော်လည်း စစ်သားများကို မတွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူက ဆိုသည်။

“မြို့လယ်ခေါင် လူစည်ကားတဲ့နေရာတွေမှာ စစ်မှုထမ်းအတွက် တွေ့တဲ့လူငယ်တွေကို ဖမ်းတယ်ဆိုတာ ကောလာဟလလို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့် ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတဲ့အခါ အခြေအနေက တကယ်ဆိုးနေပြီဆိုတာ သိရတယ်” ဟု မျက်မြင်တွေ့ရှိသူက ရေးသားထားသည်။

အလားတူ ရန်ကုန်မြို့၏ အခြားမြို့နယ်များတွင်လည်း လူငယ်များကို စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၇ နာရီခွဲဝန်းကျင်တွင် အသက် ၃၉ နှစ်အရွယ် ကလေး ၃ ဦး၏ဖခင်တစ်ဦးကို တံတားဖြူမှတ်တိုင်မှ အင်းဝကားမှတ်တိုင်အနီးတွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်တွင် တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် (၂) တွင် ကားများဖြင့် ရောက်ရှိလာသူများက လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးတင်ဆောင်သွားမှုများရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ ည ၇ နာရီကျော်အချိန်တွင်လည်း တောင်ဒဂုံမြို့နယ်၊ မင်းရဲကောင်းပုံလမ်း၊ ၆၉ ရပ်ကွက်တွင် လူငယ် ၂ ဦးကို ကားပေါ်သို့ အတင်းအဓမ္မ ဆွဲတင်ခေါ်ဆောင်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းတောင်းပန်ခဲ့သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

တောင်ဒဂုံမြို့နယ်တွင် စစ်မှုထမ်းအတွက် လူငယ်များကို ဖမ်းဆီးမှုများအပြင် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများကိုလည်း အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းခံမှုများရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ယဉ်ကျေးမှုလမ်းနှင့် လျှော်ကားလမ်း၊ မင်းရဲကောင်းပုံလမ်းတစ်ဝိုက်တွင် စစ်တပ်၊ ပျူစောထီးနှင့်ရဲများပါဝင်သော ဌာနပေါင်းစုံအဖွဲ့များက  ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေသည်ဟု ဒေသပြည်သူများက ပြောဆိုကြသည်။

တစ်ဖက်တွင်လည်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် လူငယ်တစ်ဦးသည် မုန့်ဝယ်ရန် အိမ်မှထွက်ခွာသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်ကာ ယနေ့အချိန်အထိ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက ကူညီရှာဖွေပေးရန် မေတ္တာရပ်ခံထားသည်။

ပျောက်ဆုံးနေသူမှာ မရမ်းကုန်းမြို့နယ်၊ မြဝတ်ရည် (၅) လမ်း၊ အိမ်အမှတ် (၁၈) တွင် နေထိုင်သည့် ဦးနေလင်းအောင်၏သား မောင်ဝဏ္ဏဖြိုးဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် လမ်းထိပ်သို့ မုန့်ဝယ်ရန် ထွက်ခွာသွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း မိသားစုဝင်များက ပြောသည်။

ပျောက်ဆုံးပြီးနောက် မိသားစုနှင့် အဆက်အသွယ်မရရှိတော့သည့်အပြင် ယနေ့အချိန်အထိ သတင်းအစအနတစ်စုံတစ်ရာ မရရှိသေးကြောင်း၊ မောင်ဝဏ္ဏဖြိုးကို တွေ့ရှိသူများ သို့မဟုတ် ၎င်း၏သတင်းအချက်အလက် တစ်စုံ တစ်ရာ သိရှိသူများအနေဖြင့် မိသားစုထံ ဆက်သွယ်အကြောင်းကြားပေးကြရန် မေတ္တာရပ်ခံထားသည်။

လက်ရှိ ရန်ကုန်မြို့တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအတွက် လူငယ်များကို နည်းလမ်းမျိုးစုံဖြင့် စုဆောင်းနေပြီး လမ်းပေါ်တွင် သွားလာနေသည့် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားမှုများ များပြားလာနေကြောင်း သိရှိရသည်။


#KTM
#HlaingInfo
🤬21❤3🔥1
September 5, 2026 987 1 1