စစ်တပ်အတွင်း သတင်းလုံခြုံရေးကျိုးပေါက်မှုများကို ပြင်းထန်စွာ… — Hlaing Info — TG.ME

စစ်တပ်အတွင်း သတင်းလုံခြုံရေးကျိုးပေါက်မှုများကို ပြင်းထန်စွာ အရေးယူခဲ့ရဟု ဒုစစ်ခေါင်းဆောင် ကျော်စွာလင်း သတိပေး

စက်တင်ဘာ ၅ ရက်

အကြမ်းဖက်စစ်တပ်အတွင်း သတင်းအချက်အလက်နှင့် လုံခြုံရေးကျိုးပေါက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများကို ထိရောက်ပြင်းထန်စွာ အရေးယူခဲ့ရကြောင်း ဒုတိယစစ်ခေါင်းဆောင်  ကျော်စွာလင်းက သတိပေးပြောဆိုလိုက်သည်။

စက်တင်ဘာလ ၄ ရက်နေ့ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်း စစ်အရာရှိများနှင့် တွေ့ဆုံစဉ် ဒုစစ်ခေါင်းဆောင် ကျော်စွာလင်းက စစ်တပ်အတွင်း သတင်းလုံခြုံရေးအတွက် အထူးသတိပေးလာခြင်းဖြစ်သည်။

ကျော်စွာလင်းက စစ်အရာရှိများအနေဖြင့် မိမိတို့၏ ပေါ့ဆမှုကြောင့် သတင်းအချက်အလက်နှင့် လုံခြုံရေးကျိုးပေါက်မှုများ မဖြစ်ပွားစေရေး အထူးဂရုပြု ထိန်းသိမ်းရန်လိုအပ်ကြောင်း ပြောဆိုသည်။

သတင်းလုံခြုံရေးကျိုးပေါက်မှုနှင့် ဆက်စပ်သည့် ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများကို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်းလည်း ထုတ်ဖော်သတိပေးခဲ့သည်။

စစ်တပ်အတွင်း သတင်းအချက်အလက်များ သတင်းမီဒီယာများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ပေါက်ကြားမှုများနှင့် တပ်တွင်းအခြေအနေများကို တော်လှန်ရေးအင်အားစုများထံ သတင်းပေးပို့မှုများ ဆက်တိုက်ပေါ်ပေါက်နေချိန်တွင် ဒုစစ်ခေါင်းဆောင် ကျော်စွာလင်းက သတင်းလုံခြုံရေးကျိုးပေါက်မှုများအတွက် ပြင်းထန်စွာ အရေးယူခဲ့ရကြောင်း ထုတ်ဖော်သတိပေးလာခြင်းဖြစ်သည်။

စစ်တပ်က  စစ်ဘက်လျှို့ဝှက်ချက်များကို ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းပေးပို့ခြင်းအား ရာဇဝတ်မှုအဖြစ် သတ်မှတ်သည့် စစ်ဘက်လျှို့ဝှက်ချက်များ ကာကွယ်ရေးဥပဒေ (Military Secrets Protection Law) ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲသည်။

စစ်ကောင်စီထုတ်ပြန်သော အဆိုပါဥပဒေအရ “စစ်ဘက်လျှို့ဝှက်ချက်များ” ဆိုသည်မှာ စစ်ရေးမဟာဗျူဟာများ၊ စစ်ရေးနည်းဗျူဟာများ၊ စစ်ရေးနည်းစနစ်များနှင့် စစ်သင်တန်းဆိုင်ရာ အချက်အလက်များအပြင် တပ်မတော်အသုံးပြု ရေတပ်သင်္ဘောများ၊ လေယာဉ်များ၊ အခြားယာဉ်များ၊ စက်ယန္တရားများ၊ လက်နက်ခဲယမ်းများနှင့် စစ်ဘက်သုံးပစ္စည်းများ၏ နည်းပညာနှင့် နည်းပညာစနစ်များကို ဆိုလိုခြင်းဖြစ်သည်။

ထို့ပြင် စစ်ဘက်သုံးပစ္စည်းများ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းဆိုင်ရာ နည်းပညာများ၊ စစ်ဘက်နည်းပညာ၊ လုပ်ထုံးလုပ်နည်းများနှင့် စနစ်များအပြင် သက်ဆိုင်ရာဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ စစ်ဘက်လျှို့ဝှက်ချက်အဖြစ် တရားဝင်သတ်မှတ်ကြေညာသည့် အခြားအချက်အလက်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဥပဒေတွင် လက်ရှိ သို့မဟုတ် ယခင်က တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် သို့မဟုတ် အခြားစစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များသည် စစ်ဘက်လျှို့ဝှက်ချက်များကို မျှဝေခြင်းဖြင့် တရားမဝင်အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများတွင် ပါဝင်ခြင်း၊ သင်တန်းပေးခြင်းတို့ကို တားမြစ်ထားသည်။

အဆိုပါဥပဒေကို ချိုးဖောက်ပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်းမှ သေဒဏ်အထိ ချမှတ်ခံရနိုင်သည် ဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ ပြောဆိုချက်အရ ယင်းဥပဒေပြဋ္ဌာန်းရခြင်းမှာ စစ်ဘက်လျှို့ဝှက်ချက်များကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် နိုင်ငံတော်လုံခြုံရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြားစစ်ဘက်အဖွဲ့အစည်းများ၊ စစ်ဘက်မဟုတ်သည့် နိုင်ငံခြားအဖွဲ့အစည်းများ၊ ခွင့်ပြုချက်မရှိသော လက်နက်ကိုင်အဖွဲ့များ သို့မဟုတ် အခြားပုဂ္ဂိုလ်များထံ စစ်ဘက်လျှို့ဝှက်ချက်များကို အသုံးပြုရန် သင်တန်းပေးခြင်း၊ အကူအညီပေးခြင်း၊ ပါဝင်ပတ်သက်ခြင်းနှင့် လျှို့ဝှက်ချက်များ ဖလှယ်ခြင်း သို့မဟုတ် လွှဲပြောင်းပေးပို့ခြင်းများကို တားဆီးရန်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- AP ။
#KTM
#HlaingInfo
😁31🔥5❤4🤬3👏1
September 5, 2026 1.5K 1 4