ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးမိသားစုက ဝယ်ယူထားသော မြေကွက်ကို ကမ္ဘောဇဘဏ်က ပိုင်ဆိုင်သည်ဟုဆိုကာ တုတ်၊ဓားများ ကိုင်ဆောင်သော လူအုပ်စုဖြင့် ဝင်သိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏ သားဖြစ်သူ ခြိမ်းခြောက်ခံရပြီး ကမ္ဘောဇဘဏ်ကို ပြန်လည်တရားစွဲဆို
စက်တင်ဘာလ ၅ ရက်
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏သားဖြစ်သူ ကျော်ဇေနိုင်နှင့် စီးပွားရေးလုပ်ငန်းရှင် မြင့်သန်းတို့ ပူးတွဲဝယ်ယူထားသည်ဟုဆိုသော မြေကွက်ကို ကမ္ဘောဇဘဏ် (KBZ Bank) က ၎င်းတို့ပိုင်ဆိုင်သည့်မြေဖြစ်သည်ဟုဆိုကာ လူအုပ်စုဖြင့် ဝင်ရောက်သိမ်းယူခဲ့ပြီး မြေကွက်မှ ထွက်ခွာပေးရန် ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏သား ကျော်ဇေနိုင်ကို ခြိမ်းခြောက်မှု ဖြစ်ပွားကြောင်း သိရှိရသည်။
အဆိုပါမြေကွက်မှာ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ နာနတ်တောလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ မြေတိုင်းအမှတ်(၈၂)၊ မြေကွက်အမှတ်(၁၃)၊ မြေဧရိယာ ၀ ဒသမ ၅၄၇ ဧကရှိ မြေကွက်ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး မိသားစုက ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် သူရအောင်ဆိုသူထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရသည်။
အဆိုပါမြေကွက်၏ ဂရန်အမည်ပေါက်မှာ ဒေါ်ခင်စပယ်ကြည် အမည်ပေါက် မြေဖြစ်ပြီး နှစ် ၆၀ မြေငှားဂရန်စာချုပ်ရှိကြောင်း၊ ယင်းမြေကွက်မှာ ကမ္ဘောဇဘဏ်ထံတွင် ပေါင်ထားသော အပေါင်ဆုံးမြေဖြစ်သည်ဟုဆိုကာ ကမ္ဘောဇဘဏ်က သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ယင်းမြေကွက်ကို ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏သားဖြစ်သူ ကျော်ဇေနိုင်နှင့် စီးပွားရေးလုပ်ငန်းရှင် မြင့်သန်းတို့က ဝယ်ယူစဉ် ရောင်းချသူ သူရအောင်က မြေနေရာကို အလွတ်အနေအထားဖြင့် လက် ရောက်လွှဲပြောင်းရောင်းချခဲ့ကြောင်း သိရှိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏ သား ဝယ်ယူထားသော မြေကွက်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီခွဲခန့်အချိန် လူ ၂၅ ဦးခန့်က တုတ်နှင့်ဓားများ ကိုင်ဆောင်ကာ ခြံဝင်းအတွင်း ဝင်ရောက်လာပြီး ခြံစောင့်ကို မောင်းထုတ်ကာ နေအိမ်နှင့် ခြံအတွင်းရှိ ပစ္စည်းများကို အပိုင်စီးရယူခဲ့ကြောင်း သိရှိရသည။
ယင်းဖြစ်ကြောင့် ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးမိသားစုက သက်ဆိုင်ရာဌာနအသီးသီးသို့ တိုင်ကြားစာများပေးပို့ထားပြီး၊ မြေကွက်ပိုင်ဆိုင်မှုအငြင်းပွားမှုကို တရားမကြောင်းအရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် KBZ Bank ကို တရားစွဲဆိုထားကြောင်း သိရှိရသည်။
ထို့ပြင် မြေကွက်အငြင်းပွားမှုဖြစ်ပွားနေစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏ သားဖြစ်သူ ကျော်ဇေနိုင်ထံသို့ နိုင်ငံခြားဖုန်းနံပါတ်တစ်ခုမှ “ဝေးရာသာပြေးတော့ ကိုယ့်လူ” ဟု SMS ပေးပို့ခြိမ်းခြောက်ခဲ့သည့်အပြင် Golden City Condo တွင် မနေထိုင်ရန်နှင့် နေပြည်တော်သို့ ပြန်သွားရန် အဓိပ္ပာယ်ရသည့် စာတိုများ ထပ်မံပေးပို့ခဲ့ကြောင်း သိရှိရသည်။
တစ်ဖက်တွင်လည်း ယင်းမြေကွက်မှာ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း ကမာရွတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြေကွက်ပိုင်ရှင်ဆိုသူ သူရအောင်နှင့် မိသားစုဝင် ၇ ဦးကို ရုံးသို့ ခေါ်ယူ၍ မြေကွက်မှာ KBZ Bank က ဘဏ်က ပိုင်ဆိုင်သည့်မြေဖြစ်သည်ဟု လာရောက် အကြောင်းကြားခဲ့သည်ကို အသိပေးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း မြေကွက်မူလပိုင်ရှင်ဆိုသူ သူရအောင်နှင့် KBZ Bank မှ တာဝန်ရှိသူများ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့ကြပြီး KBZ Bank က ယင်းမြေကွက်နှင့်ပတ်သက်သော ဒေါ်ခင်စပယ်ကြည်အမည်ပေါက် မြေငှားဂရန်စာရွက်စာတမ်းများ ဘဏ် တွင် အပေါင်ဆုံးဖြစ်နေသည်ကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏သား ကျော်ဇေနိုင်နှင့် မြင့်သန်းတို့က ၎င်းတို့ဝယ်ယူထားသော မြေကွက်ကို စာရွက်စာတမ်းအတုအပများ အသုံးပြုကာ KBZ Bank နှင့် ဆက်နွှယ်သည့် အပေါင် မြေအဖြစ် ဖန်တီးခဲ့ခြင်းရှိ၊ မရှိ အထူးစုံစမ်းစစ်ဆေးပေးရန် အမှုဖွင့်ထားပြီး မြေကွက်ပိုင်ဆိုင်မှုအရေးကိုလည်း တရားရုံးမှတစ်ဆင့် တရားရင်ဆိုင်နေကြောင်း သိရှိရသည်။
အဆိုပါအမှုအခင်းနှင့်ပတ်သက်သည့် လျှို့ဝှက်စာတမ်းများမှာ CDM ဗိုလ်ကြီးဇင်ယော်မှတစ်ဆင့် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေါက်ကြားလာခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ထိပ်တန်းဗိုလ်ချုပ်တစ်ဦးနှင့် ကမ္ဘောဇဘဏ်ပိုင်ရှင် အောင်ကိုဝင်းတို့အကြား အမှုအခင်းဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
#KTM
#HlaingInfo

48
12
11
10
2September 5, 2026 2.2K 14