ပဲခူးတွင် ရေကြီးရေလျှံနေချိန် တရုတ်ပိုင် Vicsong ဖိနပ်စက်ရုံက… — Hlaing Info — TG.ME

ပဲခူးတွင် ရေကြီးရေလျှံနေချိန် တရုတ်ပိုင် Vicsong ဖိနပ်စက်ရုံက အချိနပိုအတင်းဆင်းခိုင်းနေ၍ အလုပ်သမားများ သွားလာရေးနှင့် လုံခြုံရေး အခက်တွေ့နေ

စက်တင်ဘာလ ၄ ရက်

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး သွားလာရေးခက်ခဲနေချိန် တရုတ်ပိုင် Vicsong (Myanmar) ဖိနပ်စက်ရုံက အလုပ်သမားများကို အချိန်ပို အတင်းအဓမ္မ ဆင်းခိုင်းနေသည့်အပြင် လမ်းခရီးဘေးကင်းလုံခြုံရေးအတွက် ကြိုပို့ ပို့ဆောင်မှုများ စနစ်တကျ မစီစဉ်ပေးခြင်းတို့ကြောင့် အလုပ်သမားများ အခက်အခဲများ ကြုံတွေ့နေရကြောင်း စက်ရုံအလုပ်သမားများနှင့် Solidarity of Trade Union Myanmar အဖွဲ့ထံမှ သိရသည်။

ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာအုပ်စုရှိ နိုင်ငံတကာအမှတ်တံဆိပ် ဖိနပ်များ ချုပ်လုပ်တင်ပို့နေသည့် Vicsong (Myanmar) စက်ရုံတွင် ဒေသအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော်လည်း အော်ဒါအမီထုတ်လုပ်ရမည်ဟုဆိုကာ အလုပ်သမားများကို အချိန်ပို ဆင်းခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ပဲခူးမြို့တွင် ရေကြီးမှုကြောင့် ကားမှတ်တိုင်များနှင့် လမ်းများ ရေမြုပ်နေကာ သွားလာရေးအခက်အခဲများ ဖြစ်ပေါ်နေချိန် စက်ရုံဘက်မှ အလုပ်သမားများကို ညနေ ၄ နာရီခွဲတွင် စောစီးစွာ ပြန်လည်ခွင့်မပြုဘဲ OT ဆက်လက်ဆင်းရန် ဖိအားပေးခဲ့ကြောင်း အလုပ်သမားများက ပြောဆိုသည်။

ထို့ပြင် ရေကြီးမှုကြောင့် ပုံမှန်ကြိုပို့ကားမှတ်တိုင်များသို့ သွားရောက်ရန် အခက်အခဲရှိနေသော်လည်း စက်ရုံဘက်မှ အလုပ်သမားများကို သက်ဆိုင်ရာမှတ်တိုင်များအထိ လိုက်လံပို့ဆောင်ပေးခြင်းမရှိဘဲ စက်ရုံက သတ်မှတ်ထားသည့် လမ်းဆုံနေရာများတွင်သာ ကြိုပို့ကားစီးနင်းခိုင်းခဲ့ကြောင်း သိရသည်။

“စက်ရုံက အော်ဒါမီဖို့ဆိုပြီး ရေကြီးနေတာတောင် OT အတင်းခေါ်တယ်။ ကားဂိတ် ရေမြုပ်နေတာကို စက်ရုံကြိုပို့ကားက သူ့ဂိတ်သူ မချပေးဘဲ သူတို့လာစီးခိုင်းတဲ့ ဂိတ်မှာပဲ စီးရတယ်။ မီးတွေကလည်း ဖျက်ထားတော့ ညဘက် မှောင်မဲနေတာပဲ။ ရေထဲမှာ လှေစောင့်ရတာ ညဘက်ဆို လှေတွေကလည်း သိပ်မထွက်တော့တာမို့ ၁၀ မိနစ်မက ရေထဲမှာ ရပ်စောင့်ခဲ့ရတယ်” ဟု စက်ရုံအလုပ်သမားတစ်ဦးက ပြောကြားသည်။

Vicsong (Myanmar) စက်ရုံသည် တရုတ်နိုင်ငံအခြေစိုက် Vicsong Group ၏ မြန်မာနိုင်ငံရှိ စက်ရုံခွဲတစ်ခုဖြစ်ပြီး အမေရိကန်နှင့် ဥရောပဈေးကွက်များသို့ တင်ပို့ရန် Fisher Footwear၊ Guess နှင့် s.Oliver စသည့် နိုင်ငံတကာအမှတ်တံဆိပ်များအတွက် CMP စနစ်ဖြင့် ဖိနပ်များ ချုပ်လုပ်ပေးနေသည့် စက်ရုံဖြစ်ကြောင်း သိရသည်။

Solidarity of Trade Union Myanmar အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း သဘာဝဘေး အန္တရာယ်နှင့် ရာသီဥတုဆိုးရွားနေချိန်တွင် ထုတ်လုပ်ရေးအော်ဒါကိုသာ ဦးစားပေးမည့်အစား အလုပ်သမားများ၏ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောဆိုသည်။

“ရာသီဥတုဆိုးဝါးချိန်မှာ ကိုယ့်အော်ဒါအရေးကြီးရင် လူတိုးပြီးခိုင်းသင့်တယ်။ အခုတော့ အလုပ် သမားတွေက လမ်းခရီးစိတ်ပူရ၊ အိမ်စိတ်ပူရနဲ့ အလုပ်မှာ အာရုံမရှိတော့ဘူး။ ပိုပြီး စိတ်ပင်ပန်းလာမယ်။ ကိုယ်ချင်းစာသင့်ပါတယ်” ဟု ၎င်းက ပြောသည်။

သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရချိန် အလုပ်သမားများ၏ အသက်အန္တရာယ်နှင့် လမ်းခရီးလုံခြုံ ရေးကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ OT မဖြစ်မနေ ဆင်းခိုင်းခြင်းနှင့် ကြိုပို့ ပို့ဆောင်ရေးကို စနစ် တကျ စီစဉ်ပေးခြင်းမရှိခြင်းတို့သည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် နိုင်ငံတကာ လူမှုတာဝန်ယူမှုဆိုင်ရာ စံနှုန်းများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း အလုပ်သမားများက ထောက်ပြထားကြသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာအထက် ၉၂၂ စင်တီမီတာအထိ ရောက်ရှိနေသည်။ ယမန်နေ့က အမြင့်ဆုံးရောက်ရှိခဲ့သည့် ၉၂၃ စင်တီမီတာမှ ၁ စင်တီမီတာသာ ကျဆင်းလာသော်လည်း ပဲခူးမြို့တွင်းရှိ ရပ်ကွက်များနှင့် လမ်းများအပြင် ရန်ကုန်-မန္တလေး လမ်းမဟောင်းပေါ်တွင်လည်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

#KTM
#HlaingInfo
🔥30👍7🤬7❤2👎2😁1🤔1
September 4, 2026 2.5K 4