မင်းတပ်မြို့နယ်ကို စစ်တပ်က ထပ်ဗုံးကြဲ စက်တင်ဘာလ ၄ ရက် ချင်းပြည်နယ်၊… — Hlaing Info — TG.ME

မင်းတပ်မြို့နယ်ကို စစ်တပ်က ထပ်ဗုံးကြဲ

စက်တင်ဘာလ ၄ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

စက်တင်ဘာ ၃ရက် ညနေပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်တဲ့နေရာဟာ ရှေ့တန်းနယ်မြေဖြစ်လို့ အထိအခိုက် သတင်းတွေ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

စစ်တပ်ဟာ ဩဂုတ် ၃၀ရက် ညနေပိုင်းကလည်း မင်းတပ်မြို့အနီးရှိကျေးရွာ ၁ရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

မင်းတပ်မြို့အပါအဝင် ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ရဲ့ ထုတ်ပြန်ချက်အရ ဩဂုတ် ၃၀ရက် ညနေ မင်းတပ်မြို့နယ် ဝုမ်းခုမ်ရွာ ဗုံးကြဲခံရမှုမှာ သေဆုံးခဲ့တဲ့ ပြည်သူ ၈ဦးအနက် မူလတန်းကျောင်းသား ၂ဦး၊ ၉တန်းကျောင်းသူ ၁ဦး နဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းတိုက်ပွဲတွေမှာ အထိနာနေတာကြောင့် ရှုံးမဲမဲနေတာဖြစ်ပြီး လေကြောင်းဗုံးကြဲတာတွေ အချိန်မရွေး ပြုလုပ်နေလို့ ပြည်သူတွေ အနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ဖို့ CPU/CPAက တိုက်တွန်းထားပါတယ်။

စစ်တပ်ဟာ မင်းတပ်၊ ကန်ပက်လက် အပါအဝင် ချင်းတောင်ပိုင်းဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ၂၀၂၆ မေလက စတင်ထိုးစစ်ဆင်နေရာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တိုက်ပွဲ ၃လကျော်ကြာနေပြီဖြစ်ပါတယ်။

(မင်းတပ်မြို့နယ်က ကျေးရွာကို စစ်တပ်ကဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းပြည်သူ့တပ်မတော်)
#LNO
#HlaingInfo
🤬35👍12👎4👏3🔥1
September 4, 2026 2.6K 1