ဧရာဝတီတိုင်း ရေဘေးတုံ့ပြန်ရေးအတွက် WFP က မိတ်ဖက်အဖွဲ့အစည်းများအတွက် အခမဲ့ အရေးပေါ်ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု စတင်
စက်တင်ဘာလ ၃ ရက်
မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော ပြင်းထန်သည့် ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးရောက်ရှိစေရန် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မိတ်ဖက်အဖွဲ့အစည်းများအတွက် အခမဲ့ အရေးပေါ်ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုကို စတင်ဆောင်ရွက်နေကြောင်း သိရှိရသည်။
WFP အနေဖြင့် ၎င်း၏ ထောက်ပံ့ပို့ဆောင်ရေးယာဉ်ယန္တရားများနှင့် ပို့ဆောင်ရေးလမ်းကြောင်းများကို လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းများ အသုံးပြုနိုင်ရန် စီစဉ်ပေးခြင်းဖြင့် ရေဘေးသင့်ဒေသများသို့ အသက်ကယ်ဆယ်ရေးအကူအညီများ ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်ရေး ပံ့ပိုးပေးခြင်းဖြစ်ကြောင်း WFP က သတင်းထုတ်ပြန်သည်။
အဆိုပါ အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကို ရေဘေးဒဏ် အဆိုးရွားဆုံးခံစားနေရသည့် ဧရာဝတီတိုင်းအတွင်းရှိ လေးမျက်နှာ၊ ရေကြည်နှင့် ငသိုင်းချောင်းဒေသများတွင် ကနဦး အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ချက်များအပေါ်မူတည်၍ အခြားရေဘေးသင့်ဒေသများသို့လည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံတွေ သွားရေးလာရေးခက်ခဲပြီး အဆက်အသွယ်ပြတ်တောက်သွားတဲ့အခါမျိုးမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာဟာ ထောက်ပံ့ပို့ဆောင်ရေးအပိုင်းပေါ်မှာ အဓိကမူတည်နေပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောဆိုသည်။
WFP အနေဖြင့် စားနပ်ရိက္ခာအကူအညီများ ကိုယ်တိုင်ဖြန့်ဝေပေးနေခြင်းအပြင် ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများအတွက်လည်း ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် တာဝန်ယူဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆိုသည်။
“အခုလို ကျွန်တော်တို့ရဲ့ ပို့ဆောင်ရေးလမ်းကြောင်းတွေကို မိတ်ဖက်အဖွဲ့အစည်းတွေအသုံးပြုနိုင်အောင် စီစဉ်ပေးလိုက်တဲ့အတွက် အကူအညီအလိုအပ်ဆုံးသူတွေဆီကို စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အမြန်ဆုံးနဲ့ အလုံခြုံဆုံး ရောက်ရှိသွားအောင် ကျွန်တော်တို့အားလုံး လက်တွဲလုပ်ဆောင်နိုင်ကြမှာဖြစ်ပါတယ်” ဟု Michael Dunford က ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် WFP ၏ အရေးပေါ်ပို့ဆောင်ရေးယာဉ်များကို ရေဘေးတုံ့ပြန်ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက သတ်မှတ်ချက်များနှင့်ကိုက်ညီသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုန်စည်များ ပို့ဆောင်ရန် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
ပို့ဆောင်ပေးမည့် အထောက်အပံ့ပစ္စည်းများတွင် စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာပစ္စည်းများ၊ သန့်ရှင်းသောရေနှင့် ပတ်ဝန်းကျင်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာပစ္စည်းများ၊ ဆေးဝါးများနှင့် အရေးပေါ်အမိုးအကာပစ္စည်းများ ပါဝင်မည်ဖြစ်သည်။
WFP က ယင်းအရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကို ကနဦးအနေဖြင့် ၂ ပတ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး သွားလာပို့ဆောင်ရေးအခက်အခဲများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ဆက်လက်ရှိနေပါက ဝန်ဆောင်မှုကာလကို ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းတွင် ရေဘေးအကူအညီများ ဆောင်ရွက်နေချိန်တွင် WFP သည် စစ်ကိုင်း တိုင်း ၌လည်း အရေးပေါ်စားနပ်ရိက္ခာ တုံ့ပြန်ကူညီရေးလုပ်ငန်းများကို တစ်ပြိုင်နက်တည်း စတင်ဆောင်ရွက်နေကြောင်း သိရှိရသည်။
လက်ရှိအချိန်အထိ WFP က ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူ စုစုပေါင်း ၁၅,၀၀၀ ထံသို့ အရေးပေါ်စားနပ်ရိက္ခာအကူအညီများ ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
#KTM
#HlaingInfo

31
11
6
5
1September 3, 2026 2.4K 100 4