ကရင်ပြည်နယ် စစ်မျက်နှာတွင် ဖမ်းမိသော စစ်ကောင်စီလက်အောက်ခံတပ်သား ၇ ဦး KNLA တပ်ထဲတွင် ပြန်လည်ထမ်းဆောင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရန် အဆိုပြု
စက်တင်ဘာလ ၄ ရက်
ကရင်ပြည်နယ် စစ်မျက်နှာတွင် ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်းများအနက် ၇ ဦးက KNLA တပ်ဖွဲ့အတွင်း ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ကာ စစ်ကောင်စီတပ်ကို တန်ပြန်တိုက်ခိုက်လိုကြောင်း အဆိုပြုခဲ့ကြသည်ဟု KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် ကရင်ပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နေရာတစ်ခု၌ ရှေ့တန်းစစ်မျက်နှာများမှ ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်း ၂၅ ဦးနှင့် KNU/KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၈ မှ ဒုတိယဗိုလ်မှူးကြီး စောဒါဘောတို့ တွေ့ဆုံကာ စကားဝိုင်းတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စကားဝိုင်းအတွင်း စစ်သုံ့ပန်း ၂၅ ဦးအနက် ၇ ဦးက KNLA တပ်ဖွဲ့အတွင်း ဝင်ရောက်တာဝန်ထမ်းဆောင်ပြီး ယခင်က မိမိတို့ ပါဝင်ခဲ့ရသည့် စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်လိုကြောင်း အဆိုပြုခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။
KNLA စစ်ရေးသတင်းရင်းမြစ်၏ ပြောကြားချက်အရ ယင်းစစ်သုံ့ပန်းများတွင် စစ်ကောင်စီတပ်က အတင်းအဓမ္မ ဖမ်းဆီးစစ်မှုထမ်းခိုင်းခံရသူများ၊ ရှေ့တန်းစစ်မျက်နှာများတွင် ဖမ်းဆီးရမိသူများနှင့် စစ်ကောင်စီတပ်မှ ထွက်ပြေးကာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်လာသူများ ပါဝင်ကြောင်း သိရသည်။
၎င်းတို့၏ အသက်အရွယ်မှာ ၁၇ နှစ်မှ ၄၆ နှစ်အကြားရှိပြီး၊ လွန်ခဲ့သည့် ၂ လမှ ၃ လအတွင်း ဖမ်းဆီးရမိခဲ့သူများ အများစုဖြစ်ကြောင်း၊ စစ်ကောင်စီ၏ စကခ ၁၃ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခလရ ၂၃၀၊ ခလရ ၂၃၁ နှင့် ခလရ ၅၅၉ တို့မှ တပ်သားများ အများအပြား ပါဝင်နေကြောင်း သိရသည်။
“အဓိကကတော့ စစ်သုံ့ပန်းထဲမှာ ပစတွေလည်းပါတယ်။ ရှေ့တန်းစစ်မျက်နှာပြင်ကနေ ဖမ်းမိတာတွေလည်းပါတယ်။ ထွက်ပြေးလာပြီး အလင်းဝင်တဲ့သူတွေလည်းပါတယ်။ အသက် ၁၇ နှစ်ကနေ ၄၆ နှစ်ကြားအထိ အရွယ်တွေပါ။ စစ်ကောင်စီက အသက်မပြည့်တဲ့ ကလေးတွေပါ ဖမ်းပြီး ရှေ့တန်းပို့နေတာ” ဟု KNLA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
KNU/KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၈ မှ ဒုတိယဗိုလ်မှူးကြီး စောဒါဘောက စစ်ကောင်စီတပ်၏ ဝါဒဖြန့်မှုများတွင် KNLA တပ်ဖွဲ့ထံ ရောက်ရှိသွားသော စစ်သုံ့ပန်းများကို သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းများ ပြုလုပ်သည်ဟု မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများရှိနေကြောင်း ပြောသည်။
ယခုကဲ့သို့ စစ်သုံ့ပန်းများနှင့် တိုက်ရိုက်တွေ့ဆုံစကားပြောဆိုသည့် စကားဝိုင်းများ ပြုလုပ်ခြင်းမှာ စစ်ကောင်စီ၏ ဝါဒဖြန့်မှုများနှင့် မြေပြင်မှ အမှန်တကယ်ဖြစ်ပျက်နေသည့် အခြေအနေများကို ခွဲခြားသိရှိနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“လူတွေကို နှိပ်စက်တာတို့၊ သတ်ပစ်လိုက်တာတို့ ကျနော်တို့အများကြီး ကြားရတယ်။ ဒါကြောင့်မို့ ကျနော်တို့ စကားဝိုင်းလုပ်တာပေါ့။ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို သူတို့တပ်ထဲ ဘယ်လိုအကြောင်းကြောင့် ရောက်သွားတာလဲ၊ သူတို့စိတ်ရင်းနဲ့ ရောက်သွားတာလား၊ ဒါမှမဟုတ် မတရားဖမ်းဆီးပြီး ရောက်သွားတာလားဆိုတာ ပွင့်ပွင့်လင်းလင်း သူတို့ရင်ထဲမှာရှိတာတွေကို ဖွင့်ပြောနိုင်အောင် စကားဝိုင်းလုပ်ပေးတာဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စောဒါဘောက ပြောကြားသည်။
စကားဝိုင်းမှတစ်ဆင့် စစ်ကောင်စီတပ်အတွင်း လူငယ်များ အတင်းအဓမ္မ စစ်သားစုဆောင်းခံနေရသည့် အခြေအနေများကိုလည်း သိရှိခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။
စစ်ကောင်စီတပ်သည် လူငယ်များကို ဖမ်းဆီးပြီးနောက် စစ်သင်တန်းလုံလောက်စွာ မပေးဘဲ ရှေ့တန်းစစ်မျက်နှာများသို့ တိုက်ရိုက်ပို့ဆောင်ခြင်းများရှိနေသည့်အပြင် အသက်မပြည့်သေးသည့် လူငယ်များကိုပင် လမ်းတွင် ဖမ်းဆီးခေါ်ဆောင်ကာ မိုင်းကွင်းများ၊ စစ်ရေးအန္တရာယ်ရှိသည့်နေရာများကို ဖြတ်သန်းစေခြင်း၊ ရိက္ခာနှင့် ခဲယမ်းများ သယ်ဆောင်ခိုင်းခြင်းတို့ ပြုလုပ်နေကြောင်း စစ်သုံ့ပန်းများ၏ ပြောဆိုချက်များမှ သိရှိရသည်ဟု ဆိုသည်။
“သူတို့စကားသံတွေကြားရတာ စိတ်တောင်မကောင်းဘူး။ အာမခံချက်မရှိ၊ ဥပဒေမရှိ၊ အကာ အကွယ်မရှိဘူး။ လူငယ်တွေ အများကြီးက ဘာမှအာမခံချက်မရှိဘဲ ကြက်ကလေး၊ ငှက်ကလေးလို ဖမ်းဆီးခံရပြီး ရှေ့တန်းပို့ခံနေရတာတွေရှိတယ်။ သင်တန်းလည်း မတက်ရ၊ ဘာမှမပေးဘဲ အသက်မပြည့်တဲ့ လူငယ်တွေကိုပါ လမ်းမှာတွေ့ရင် ခေါ်လာပြီး ကျည်တွေထမ်းခိုင်း၊ မိုင်းကွင်းတွေ၊ သတ်ကွင်းတွေကြားမှာ ရိက္ခာတွေ သယ်ခိုင်းတာတွေ အများကြီးတွေ့ရတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စောဒါဘောက ပြောကြားသည်။
ထို့ကြောင့် ပြည်တွင်းရှိ လူငယ်များအနေဖြင့် စစ်ကောင်စီတပ်၏ အတင်းအဓမ္မ ဖမ်းဆီးစစ်သားစုဆောင်းမှုများမှ ကြိုတင်ကာကွယ်နိုင်ရန် သတိထားကြရန်နှင့် အကယ်၍ ဖမ်းဆီးခံရပြီး ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်ခံရပါက တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ အလင်းဝင်ရောက်ကြရန် KNLA ဘက်က တိုက်တွန်းထားကြောင်း သိရှိရသည်။
#KTM
#HlaingInfo

36
25
1
1
1September 4, 2026 2.1K 2