မန္တလေးမှ စစ်သင်္ဘော အစီး ၂၀ ကျော် ရွှေကူဘက်သို့ ထပ်မံ ဆန်တက်လာ၊
▪️ဗန်းမော်သို့ ဆန်တက်လာသော လက်ကျန် သင်္ဘော၃ စီးကိုလည်း KIA ပူးပေါင်းတပ်များက ထပ်မံပစ်ခတ် တိုက်ခိုက်
စက်တင်ဘာလ ၅ ရက်
မန္တလေးမြို့၊ မန္တလေးဂေါ်ဝန်ဆိပ်မှ စစ်သင်္ဘော အစီး ၂၀ ကျော်မှာ ကချင်ပြည်နယ် ရွှေကူမြို့ဘက်သို့ ထပ်မံ ဆန်တက်လာကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်မှစတင်၍ မန္တလေးဂေါ်ဝန်ဆိပ်မှ ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး သင်္ဘောများ အပါအဝင် စုစုပေါင်း ၆ စီး သည် မတ္တရာမြို့နယ် ရှင်လှအလယ်ရွာ အနားတွင် ရပ်တန့်ထားပြီး တွဲသင်္ဘောများ ပါဝင်သော အစီး ၂၀ ကျော်သည်လည်း မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာအနီးကို ရောက်ရှိနေကြောင်း သိရသည်။
ထိုသို့ စစ်သင်္ဘောနှင့် တွဲသင်္ဘောများ ဆန်တက်လာသောကြောင့် မြစ်ကြောင်း တစ်လျှောက်နေထိုင်သော ကျေးရွာများမှ ပြည်သူများ အနေဖြင့် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ် သတိပြု နေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက အသိပေး ပြောဆိုထားသည်။
"မန္တလေးဂေါ်ဝန်ဆိပ်ကနေ ဒီမနက်အစောပိုင်း ဆန်တက်လာသော စစ်ခွေးတိုက်ခိုက်ရေး သင်္ဘောတွေ အပါအဝင် ၆ စီးက မတ္တရာနယ် ရှင်လှအလယ်ရွာအနီးမှာ ရပ်တန့်ထားတယ်။ နောက်ပြီး တွဲသင်္ဘောအုပ်စု အစီး ၂၀ ကျော်ကလည်း မန္တလေးဆိပ်ကမ်းကနေ ထပ်ပြီးတော့ ဆန်တက်လာနေတုန်းပဲ" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဩဂုတ်လလယ်ပိုင်းကလည်း မန္တလေးမြို့ဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့သော စစ်သင်္ဘော ၁၅ စီးကို ဖြတ်သန်းရာ မြစ်ကြောင်း တောက်လျှောက်ကို လက်နက်ကြီး၊ လေကြောင်း ပစ်ကူများ ဆက်တိုက် ပြုလုပ်ခဲ့ရာ အနည်းဆုံး ၈ စီးမှာ မီးလောင်ပျက်စီးခြင်းနှင့် စစ်သင်္ဘော ၂ စီးမှာလည်း လက်နက်ချ အလံဖြူထောင်ခဲ့ရသည်။
"မနေ့(စက်တင်ဘာလ ၄ ရက်နေ့) ကလည်း ဗန်းမော်နားမှာ ရောက်နေတဲ့ သင်္ဘော ၁ စီးက စက်ပျက်လို့ မြစ်ထဲမှာ မျောနေတာ။ အဲဒါကို ဆွဲဖို့ ဗန်းမော်ကနေ သင်္ဘော ၃ စီးဆင်းလာတယ်။ အဲဒါကို KIA နဲ့ပူးပေါင်းတပ်က ၀ိုင်းပစ်တာ။ ၂ စီးမီးလောင်ပျက်စီးတယ်။ ပြီးတော့ တက်လာတဲ့ သင်္ဘော လက်ကျန်ထဲက ညောင်ပင်သာနားမှာ နောက်ထပ် ၁ စီးကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်။ မနေ့က ဖျက်ဆီးနိုင်ခဲ့တာ သင်္ဘော ၃ စီးရှိတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ထို စစ်သင်္ဘော အုပ်စုသည် ဩဂုတလ ၂၇ ရက်နေ့ ရွှေကူသို့ ဆိုက်ကပ်ခဲ့ပြီး စက်တင်ဘာလ ၂ ရက်နေ့ ဗန်းမော်မြို့ဘက်ကို ဆန်တက်လာစဉ် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပြင်းထန်စွာ တိုက် ခိုက်ခဲ့သောကြောင့် စစ်ရေယာဉ်အများအပြား ထိခိုက်ပျက်စီးကာ စစ်သင်္ဘော ၂ စီးမှ စစ်သားနှင့်မိသားစုဝင် ၁၉၀ ဦးမှာ အလံဖြူထောင် အညံ့ခံခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂ ရက်နေ့ ယင်း စစ်င်္ဘောအုပ်စု ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး စစ်သင်္ဘောတစ်စီးမှာ စစ်သားများနှင့်အတူ နစ်မြှုပ်သွားခဲ့ကြောင်း၊ ထို့နောက် စင်းခန်းဒေသအနီးတွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ရေယာဉ်အုပ်စုကို ဆက်လက်တိုက်ခိုက်ခဲ့ရာ နောက်ထပ် စစ်သင်္ဘောတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး အခြားစစ်သင်္ဘောတစ်စီးမှာလည်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ တိုက်ခိုက်မှုများအတွင်း စစ်ရေယာဉ်များ ထိခိုက်ပျက်စီးခဲ့ပြီးနောက် စစ် သင်္ဘောပေါ်ပါ စစ်သားအချို့မှာ ဧရာဝတီမြစ်အတွင်းသို့ ခုန်ချကာ ရေကူး၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြောင်းလည်း သိရှိရသည်။
#KTM
#HlaingInfo

42
11
3
3
1
1
1September 5, 2026 1.1K 2