မင်းဘူးတွင် စစ်တပ် စစ်ကြောင်းက ပစ်ခတ်မှု အသက် ၂၀ အရွယ် မသန်စွမ်း… — Hlaing Info — TG.ME

မင်းဘူးတွင် စစ်တပ် စစ်ကြောင်းက ပစ်ခတ်မှု အသက် ၂၀ အရွယ် မသန်စွမ်း မဝေဝေဌေးနှင့် အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင် တို့သေဆုံး၊

▪️မြိုင်တွင်လည်း စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်

စက်တင်ဘာလ ၅ ရက်

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်းရှိ မုတ္တောကြီးကျေးရွာသို့ စစ်တပ် စစ်ကြောင်းက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၂၀ အရွယ် မသန်စွမ်း မဝေဝေဌေးနှင့် အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင် တို့သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီမှ ၇ နာရီအတွင်း ပေါင်းကျေးရွာဘက်မှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ကာ မုတ္တောကြီးကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုအတွင်း မုတ္တောကြီးကျေးရွာတွင် နေထိုင်သည့် စကားမပြောနိုင်သော အသက် ၂၀ နှစ်အရွယ် မသန်စွမ်းအမျိုးသမီး မဝေဝေဌေး နှင့် အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင် (၁၃ နှစ်) တို့ ၂ ဦး သေဆုံးခဲ့ပြီး မအိသီရိအောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မုတ္တောကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များ မရှိသကဲ့သို့ မည်သည့် တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်း၍ အရပ်သား ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

"စစ်ကြောင်းက နံနက် ၆ နာရီ ကနေ ၇ နာရီအတွင်း ပေါင်းရွာကနေ အင်အား ၈၀ နဲ့ မုတ္တောကြီးဘက်ဝင်ပြီး လက်နက်ကြီးငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာလို့ပြောတယ် အဲမှာ ခုအသတ်ခံရသူတွေက ရွာထဲကျန်ခဲ့တာလား၊ ဘယ်လိုဆိုတာတိတိကျကျမသိရဘူး။ ၂ ဦးကတော့ ကျည်ထိမှန်ပြီး သေဆုံးတယ်ပေါ့။ ၁ ဦး ဒဏ်ရာရတယ်။ အဲဘက်မှာက တော်လှန်ရေးအဖွဲ့တွေလည်းမရှိဘူး။ တိုက်ပွဲလည်းမဖြစ်ဘူး" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် မြိုင်နယ်တောင်ပိုင်း ကျေးရွာနှစ်ခု၏ ဘောလုံးကွင်း နှစ်ခုအတွင်းကို ပခုက္ကူ တပ်မ ၁၀၁ မှတက်လာသော အသေခံ ဒရုန်း ၂ စီးက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ဘောလုံးကစားနေသူများ ကြိုတင်တိမ်းရှောင်နိုင်ခဲ့သောကြောင့် ထိခိုက်မှု မရှိကြောင်း သိရသည်။

#KTM
#HlaingInfo
🤬38👎7❤4🔥2👏2
September 5, 2026 1.8K