ဆောနှင့် နတ်မောက်မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု… — Hlaing Info — TG.ME

ဆောနှင့် နတ်မောက်မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

စက်တင်ဘာလ ၅ ရက်

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကြီးရွာမှ ရွှေအောင်သာကျေးရွာဘက်သို့ ထွက်လာသော စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရ စစ်သားများကို ထမ်းစင် များဖြင့် ကျောက်ထုမြို့သို့ သယ်ယူသွားကြောင်း ယောဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၄ ရက် နေ့က ဆောမြို့နယ်၊ ကြီးရွာ၌ တပ်စွဲထားသော စစ်သားများသည် ရွှေအောင်သာကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ကြီးရွာနောက်ဘက်ရှိ ဘုရားကုန်းတွင် နေ့ချင်းပြီး မြေမြှုပ် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

“တိုက်ပွဲက စစ်ကြောင်းထွက်တာနဲ့ ဖြစ်တယ်။ ကြီးရွာမှာတပ်စွဲထားပြီးတော့ ရွှေအောင်သာကျေးရွာ ဘက်ထွက်ဖို့ကြိုးစားတာ အဲဒီတိုက်ပွဲမှာက ၅ ယောက်သေတယ်၊ ၈ ယောက်ဒဏ်ရာရတယ်။ အဲဒီ ဒဏ်ရာတဲ့ ၈ ယောက်ကို အထမ်းတွေနဲ့ ညောင်ကားယားအထိပို့တယ်။ အဲဒီညောင်ကားယားအထိ ကျောက်ထုကနေလည်း စစ်ကြောင်းနဲ့ထွက်လာပြီး လာသယ်တယ်။” ဟု ယောဒေသသတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၄ ရက်နံနက်ကိုင်းက ကြီးရွာတိုက်ပွဲတွင် ဒဏ်ရာရရှိသည့် စစ်သားများကို သယ်ဆောင်ရန် ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ တပ်ရင်းမှ အင်အား ၆၀ ခန့်ပါ စစ်တပ်စစ် ကြောင်း ထွက်လာခဲ့ကြောင်း၊ ထိုသို့ ဒဏ်ရာရ စစ်သားများကို လာရောက်သယ်ဆောင်သည့် စစ် ကြောင်းကို ညောင်ကားယားအဝင်တွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းထောင်ဖောက်ခွဲပြီး တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ကြီးက စစ်သားလူနာထမ်း ၈ ထမ်း ညောင်ကားယား အထိလာပိုတယ်၊ အဲတာကို သွားသယ်ရတာ ပါ၊ လူနာလာသယ်တဲ့ ကျောက်ထုစစ်ကြောင်း ညောင်ကားယားတောတိုက်ထဲကိုအဝင်မှာ မိုင်း မိလို သေတာ ဒဏ်ရာရတာတွေထပ်ဖြစ်တယ်၊ ကျောက်ထုဖက်ကိုပြန်လာတော့ ကြီးကပိုတဲ့ အ ထမ်းက ၈ ထမ်း၊ ညောင်ကားယားမှာ မိုင်းမိလို ဒဏ်ရာရတာက ၄ ထမ်း၊ အားလုံး အထမ်း ၁၂ ထမ်း ဖြစ်သွား တယ်၊ ကျောက်ထုအမြောက်တပ်ထဲကို ညနေ ၃ နာရီခွဲလောက်မှ ဝင်သွားနိုင်တာ " ဟု ယောဒေသ သတင်း ရင်းမြစ်က ပြောဆိုသည်။

ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ ကြီးရွာတွင် စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားကာ ရွှေအောင်သာကျေးရွာအထိ သွားရောက်ပြီး တပ်စွဲနိုင်ရန် ကြိုးစားနေကြောင်း၊ ယင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆိုတိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်ဘက်မှ အထိနာပြီး လေ ကြောင်းဖြင့် လက်နက်ခဲယမ်းဖြည့်တင်းခြင်း၊ ကျောက်ထုအမြောက်တပ်သို့ လေယာဉ်ဖြင့် လူ၊ ခဲယမ်းအင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးနေခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ယနေ့ စက်တင်ဘာလ ၅ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်မှ ညနေ ၃ နာရီ ၂ မိနစ်အထိ ဆော မြို့ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအတွက်လည်း Y8 ထောက်ပို့လေယာဉ်ဖြင့် ၁၅ ကြိမ် ပျံဝဲကာ ရိက္ခာအထုပ် ၇၀ ခန့်ချပေးခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းတွင် ပြည်သူများ၏ ပိုင်ဆိုင်မှုများကို လုယက်ဖျက်ဆီးပြီး ဒုက္ခပေးနေသည့် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

နတ်မောက်မြို့နယ် အရှေ့ခြမ်းကျေးရွာများသို့ လှည့်လည်စစ်ကြောင်းထိုးကာ ဒေသပြည်သူများ၏ နေအိမ်များကို မီးရှို့ခြင်း၊ ရွှေထည်နှင့် တန်ဖိုးရှိပစ္စည်းများကို ရှာဖွေလုယူခြင်းများ ပြုလုပ်နေသော စစ်တပ်သည် ကားနှင့် လယ်ယာသုံးပစ္စည်း ပိုင်ဆိုင်သည့် ဒေသခံတစ်ဦးလျှင် ငွေကျပ် ၂ သိန်းအထိ ဆက်ကြေးတောင်းခံခြင်း၊ မပေးပါက ရိုက်နှက်ခြိမ်းခြောက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစဉ်တစိုက် ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို စစ်ကြောင်းသည် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် နတ်မောက်မြို့နယ် အရှေ့ခြမ်း ထနောင်းကုန်းကျေးရွာဘက်မှ ထွက်ခွာလာပြီး နောက်တစ်ကြိမ် စစ်ကြောင်းထိုးရန် ပြန်လှည့်လာစဉ် သရက်ချောင်းကျေးရွာနှင့် ကံလှကျေးရွာအကြားအရောက်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပဒေသာမိုင်းဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦးသေဆုံးနှင့် ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုကို နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (နတ်မောက် ပ.က.ဖ) နှင့် အမှတ် (၉၀၃) ဂဠုန် PDF တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာတစ်ရွာမှ တစ်ရွာသို့ ကူးသန်းစဉ် လမ်းကြောင်းသိရှိသော်လည်း ဒေသပြည်သူများကို လမ်းပြအဖြစ်လည်းကောင်း၊ ဓားစာခံအဖြစ်လည်းကောင်း မကြာခဏ ဖမ်းဆီးခေါ်ဆောင်လေ့ရှိသဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များနှင့် တတ်နိုင်သမျှဝေးဝေးနေထိုင်ကြရန် နတ်မောက် ပကဖက အထူးသတိပေး နှိုးဆော်ထားသည်။

#KTM
#HlaingInfo
❤23👍4👏2😁1
September 5, 2026 1.3K