မင်းအောင်လှိုင်သွားရောက်စစ်ဆေးခဲ့သည့် ညောင်တုန်းတာ ယနေ့ နံနက်ပိုင်း… — Hlaing Info — TG.ME

မင်းအောင်လှိုင်သွားရောက်စစ်ဆေးခဲ့သည့် ညောင်တုန်းတာ ယနေ့ နံနက်ပိုင်း ပေ ၃၀၀ ကျော် ထပ်မံပြိုကျ

စက်တင်ဘာလ ၅ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းပင်မတာတွင် ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်က တာပေ ၃၀၀ ကျော် ထပ်မံပြိုကျမှု ဖြစ်ပွားခဲ့ပြီး၊ သြဂုတ်လ ၂၅ ရက်နေ့မှစတင်၍ ဖြစ်ပွားလာသည့် အဓိက တာပဲ့ကျမှုများအနက် တတိယအကြိမ်မြောက် ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၆ နာရီခန့်တွင် ညောင်တုန်းချောင်းဖျားတာ၏ တာဟောင်းဘက်၊ လူနေရွာမရှိသည့် အခြမ်းတွင် မြေသားတာ ထပ်မံပဲ့ကျပြိုပျက်ခဲ့ခြင်းဖြစ်ပြီး တာမိုင်အမှတ် ၁၁/၆ နှင့် ၁၁/၇ ကြားတွင် အလျား ပေ ၃၁၀ ခန့် ပြိုကျသွားခဲ့ကြောင်း သိရသည်။

"ဒီမနက် ၆ နာရီ ၁၀ မိနစ်လောက်မှာ ပြိုကျသွားတာ။ ပြိုသွားတဲ့နေရာကို အခု ကာထားပြီ။ တာဘောင်ကို လမ်းလျှောက်လို့မရတော့ဘူး" ဟု ညောင်တုန်းမှ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ထပ်မံပြိုကျသည့်နေရာသည် ကြံ့ခိုင်မှုအားနည်းနေသည့် ပင်မမြေသားတာအစိတ်အပိုင်းဖြစ်ပြီး၊ ယခင်က တာပဲ့ကျခဲ့သည့်နေရာများနှင့် ဆက်စပ်၍ တာ၏ပျက်စီးမှုအခြေအနေ ပိုမိုစိုးရိမ်ဖွယ်ရာ ဖြစ်လာနေကြောင်း သိရသည်။

ညောင်တုန်းကျွန်းတာတွင် ယခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ပထမအကြိမ် အဓိကတာပဲ့ကျမှု ဖြစ်ပွားခဲ့ပြီး၊ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားရှိ မြေသားတာ အစိတ်အပိုင်း ပျက်စီးခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နောက်ပိုင်း တာကိုကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် ယာယီပန်းတာများ တည်ဆောက်ခဲ့ရကြောင်း သိရသည်။

ထို့နောက် သြဂုတ်လ ၂၉ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညောင်တုန်းတာပြိုကျမှုဖြစ်ပွားနေသည့်နေရာသို့ ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့သည်။ သို့ရာတွင် မင်းအောင်လှိုင် လာရောက်စစ်ဆေးခဲ့ပြီးနောက်ပိုင်းတွင်လည်း တာ၏အခြေအနေမှာ တည်ငြိမ်လာခြင်းမရှိဘဲ မြေသားပြိုကျခြင်းနှင့် တာအက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် ရွာဘက်အခြမ်း၊ မဏ္ဍပ်တည်ရှိရာဘက်တွင် တာထပ်မံပြိုကျခဲ့သဖြင့် ယခင်တည်ဆောက်ထားသည့် ပန်းတာမှာ မလုံလောက်တော့ဘဲ ပျက်စီးသည့်နေရာဘက်သို့ ထပ်မံတိုးချဲ့ကာ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင်မူ တာဟောင်း၏ အခြားတစ်ဖက်ဖြစ်သည့် ရွာမရှိသောအခြမ်းတွင် ပေ ၃၀၀ ကျော် ထပ်မံပဲ့ကျပြိုပျက်ခဲ့ခြင်းဖြစ်သဖြင့် ယင်းနေရာတွင်လည်း ပန်းတာနှင့် အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်ရမည့် အခြေအနေ ဖြစ်ပေါ်လာနေကြောင်း သိရှိရသည။

ထို့အပြင် ယနေ့တာပဲ့ကျမှု ဖြစ်ပွားချိန်တွင် ဧရာဝတီမြစ်ရေအခြေအနေမှာ သြဂုတ်လ ၂၅ ရက်နေ့ ပထမအကြိမ် တာပဲ့ကျခဲ့စဉ်ကထက် ပိုမိုမြင့်တက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းအထိ ညောင်တုန်းမြစ်ရေအခြေအနေမှာ စိုးရိမ်ရေမှတ်အောက် ၁၉ ပေဝန်းကျင်တွင် ရှိနေခဲ့သော်လည်း မိုးဆက်လက်ရွာသွန်းနေမှုနှင့် မြစ်ရေမြင့်တက်လာနိုင်ခြေတို့ကြောင့် တာ၏ကြံ့ခိုင်မှုအခြေအနေကို စိုးရိမ်နေရကြောင်း သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ကလည်း ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ၏ ဧရာဝတီမြစ်ခွဲဘက် တာမိုင် ၁၁/၅ နှင့် ၁၁/၆ ကြားတွင် မြေသားတာ အက်ရာများပေါ်ပေါက်ကာ မြေသားအိကျလျောဆင်းမှုများ ဖြစ်ပွားခဲ့သည်။ ယင်းအချိန်တွင် တာအက်ရာဖြစ်ပွားသည့်နေရာမှာ အကျယ် ၁၀ ပေခန့်ရှိခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုးလာမှုတို့ကြောင့် မြေသားတာ၏ ကြံ့ခိုင်မှုကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုခဲ့သည်။

လက်ရှိ ညောင်တုန်းကျွန်းတာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဧရာဝတီတိုင်းစစ်ကောင်စီ၊ ဆည် မြောင်းဦးစီးဌာန၊ စစ်အင်ဂျင်နီယာတပ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ညောင်တုန်းတာပျက်စီးမှု ပိုမိုဆိုးရွားမလာစေရေးအတွက် ယာယီပန်းတာများ ထပ်မံတည်ဆောက်ခြင်း၊ သဲအိတ်များအသုံးပြုကာ မြေသားဖို့ခြင်း၊ ရေစီးနှုန်းလျော့ကျစေရေးအတွက် ရေထဲတွင် နုန်းမြေများ စုပုံလာစေရန် ဆောင်ရွက်ခြင်းနှင့် သံမဏိကြိုးများအသုံးပြု၍ ရေစီးကိုထိန်းသိမ်းခြင်းတို့ကို အရေးပေါ်ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
🔥27👍12❤5😁3👏2😢2😱1
September 5, 2026 2.3K 1 8