ချောင်းဦးတွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး တစ်ဦးအား ယူနီဖောင်း ဝတ်ဆင်ပေးထား
စက်တင်ဘာလ ၄ ရက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-အမြင့် လမ်းပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းက အရပ်သားပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၈ ရက်နေ့က ချောင်းဦးမြို့နယ်အတွင်း သို့ ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် မုံရွာ-အမြင့် လမ်းမပေါ် ရွှေဒါးကျကျေးရွာ အနီးတစ်ဝိုက်တွင် အသက် ၄၀ နှင့် ၅၀ ကြားအရွယ်ရှိ ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သေဆုံးသူများအနက် တစ်ဦးအား PDF ပြောက်ကျားယူနီဖောင်းနှင့် စစ်ယူနီဖောင်း ဝတ်ဆင်ပေးထားခဲ့ကြောင်း သိရသည်။
ဒေသခံတစ်ဦးက "မနေ့ကမှ နယ်မြေရှင်းလင်းရင်း အလောင်း ၃ လောင်း တွေ့တာပါ။ စစ်ယူနီဖောင်း ဝတ်ပေးထားတဲ့သူကလည်း အရပ်သားပြည်သူပါပဲ။ နာမည်တွေနဲ့ ဘယ်ရွာကဆိုတာတော့ မသိရသေးပါဘူး။ အသက် ခန့်မှန်း ၄၀ ကျော်၊ ၅၀ အရွယ် အမျိုးသား ၃ ဦးပါ။ တိုက်ပွဲဖြစ်တာမျိုး မရှိဘဲ စစ်ကြောင်းဝင်လာပြီး သတ်ဖြတ်သွားတာဖြစ်လို့ အလောင်းတွေကို အနီးအနားက ပြည်သူတွေကပဲ မီးသင်္ဂြိုဟ်ပေးလိုက်ပါတယ်" ဟု ပြောကြားသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိတွင် ကျီကုန်းကျေးရွာ အနီးသို့ ရောက်ရှိနေပြီး စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် ညနေပိုင်းတွင်လည်း ပြည်သူပိုင် ပစ္စည်းများကို မော်တော်ယာဉ်များဖြင့် သယ်ဆောင်နေကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာလ ၃ ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်သည် ချောင်းဦးမြို့နယ်၊ မထိသာကျေးရွာနှင့် မင်းခေါင်းကျေးရွာတို့ကို ဂျက်ဖိုက်တာတစ်စီး၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးတို့ဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို စိစစ်လျက်ရှိသည်။
#KTM
#HlaingInfo

29
5
3
2
1September 4, 2026 1.5K 1