ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမား ၃,၀၀၀ ကျော်ရှိသော TENG HUI (Myanmar) သိုးမွှေးအထည်ချုပ်စက်ရုံ အောက်တိုဘာလ ၁ ရက်နေ့ အပြီးပိတ်သိမ်းမည်ဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့မှစတင်၍ အလုပ်သမားများအတွက် နစ်နာကြေးများ ပေးမည်ဟု တရားဝင်ကြေညာ
စက်တင်ဘာလ ၄ ရက်
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် TENG HUI (Myanmar) သိုးမွှေးအထည်ချုပ်စက်ရုံကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အပြီးပိတ်သိမ်းမည်ဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့မှစတင်ကာ စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်ရပ်နားရမည့် အလုပ်သမားများအား လုပ်သက်အလိုက် နစ်နာကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း စက်ရုံက တရားဝင်ထုတ်ပြန်ကြေညာသည်။
စက်ရုံ၏ တရားဝင်ထုတ်ပြန်ချက်အရ H&M အမှတ်တံဆိပ် သိုးမွှေးအထည် ကုန်ကြမ်းများ တင်သွင်းမရတော့ခြင်းနှင့် အထည်အမှာစာများ ဆက်လက်မရရှိတော့သဖြင့် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ စက်ရုံကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
TENG HUI (Myanmar) သိုးမွှေးအထည်ချုပ်စက်ရုံသည် H&M အမှတ်တံဆိပ် သိုးမွှေးအထည်များ ချုပ်လုပ်တင်ပို့သည့် စက်ရုံဖြစ်ပြီး တရုတ်နိုင်ငံမှ လိုအပ်သည့် သိုးမွှေးအထည် ကုန်ကြမ်းများနှင့် အမှာစာများ ဆက်လက်မရရှိတော့သဖြင့် မြန်မာနိုင်ငံရှိ စက်ရုံလုပ်ငန်းကို အပြီးပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
"စက်ရုံပိတ်မယ်ဆိုတာကို တရားဝင် အသိပေးပါတယ်။ အလုပ်သမားတွေကို လုပ်သက်အလိုက် နစ်နာကြေးပေးမယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာ နစ်နာကြေးတွေ စပေးမယ်လို့ ကြေညာတယ်" ဟု ယင်းစက်ရုံမှ အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။
TENG HUI (Myanmar) စက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသား အလုပ်သမားများနှင့် တရုတ်နိုင်ငံသား ဝန်ထမ်းများဖြင့် လည်ပတ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး စက်ရုံတွင် အလုပ်သမားနှင့် ဝန်ထမ်းဦးရေ ၃,၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါစက်ရုံကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စက်ရုံသည် တရုတ်နိုင်ငံမှ H&M အမှတ်တံဆိပ် သိုးမွှေးအထည် ကုန်ကြမ်းများကို ရယူကာ မြန်မာ နိုင်ငံတွင် ပြန်လည်ချုပ်လုပ်ပြီး ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။
#KTM
#HlaingInfo

35
14
5
3
3
2
2
1September 4, 2026 3K 7