နေပြည်တော် အမှတ် ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်မှူးအောင်မင်းက တပ်မိသားစုဝင် ဒေါ်ခင်ဌေးမြင့်၏ သား မောင်ငြိမ်းချမ်းဝင်းကို ပစ်ခတ်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ကာ ပေါ်တာဆွဲဖမ်းဆီး၊
▪️ဥပဒေမဲ့ဖြစ်နေပြီး သားရှိသည့် မိခင်များ မိမိတို့၏သားများကို ဖွက်ထားကြရန် ဒေါ်ခင်ဌေးမြင့် ပြော
စက်တင်ဘာလ ၄ ရက်
နေပြည်တော် အမှတ် ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်မှူးအောင်မင်းက တပ်မိသားစုဝင်တစ်ဦးဖြစ်သော ဒေါ်ခင်ဌေးမြင့်၏ သားဖြစ်သူ မောင်ငြိမ်းချမ်းဝင်းကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဝင်များကိုလည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေါ်ခင်ဌေးမြင့်က လူမှုကွန်ရက်မှတစ်ဆင့် ငိုယိုကာ ထုတ်ဖော်ပြောဆိုသည်။
ဒေါ်ခင်ဌေးမြင့်မှာ နေပြည်တော်၊ နယ်မြေ ၁၀၊ အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သည့် ဈေးသည်တစ်ဦးဖြစ်ပြီး သား ၃ ဦးရှိရာ သား ၂ ဦးမှာ စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေပြီး ကျန်သားတစ်ဦးဖြစ်သူ မောင်ငြိမ်းချမ်းဝင်းမှာ မိခင်ကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကြောင်း ၎င်းက ပြောသည်။
သို့သော် အမှတ် ၂၀၃၀ တပ်မှ ဗိုလ်မှူးအောင်မင်းကိုယ်တိုင် မောင်ငြိမ်းချမ်းဝင်းကို ခေါ်ဆောင်သွားပြီး စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ ထည့်သွင်းခဲ့ကြောင်း ဒေါ်ခင်ဌေးမြင့်က ပြောဆိုသည်။
“ကျွန်မရဲ့ သားလေး သုံးယောက်မွေးထားတာပါ။ သားနှစ်ယောက်က စစ်သား၊ သားတစ်ယောက်က အခုလက်ရှိ ကျွန်မကို လုပ်ကျွေးနေတာပါ။ အဲဒီကလေးကို ၂၀၃၀ တပ်မှ ဗိုလ်မှူးအောင်မင်း ကိုယ်တိုင်ခေါ်ပြီးတော့ ပြည်သူ့စစ်ထဲ ထည့်လိုက်ပါတယ်။ ပေါ်တာထဲ လာဆွဲသွားပါတယ်။ ကျွန်မ ဘယ်လိုလုပ်ရမှန်းမသိလို့ ကူညီကြပါဦး” ဟု ဒေါ်ခင်ဌေးမြင့်က ပြောဆိုသည်။
မောင်ငြိမ်းချမ်းဝင်းတွင် ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေသည့် ဇနီးသည်ရှိနေသော်လည်း မည်သည့်အခြေ အနေကိုမျှ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဗိုလ်မှူးအောင်မင်းက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျွန်မရဲ့ သားလေး မောင်ငြိမ်းချမ်းဝင်းကို သူ့မှာလည်း မိန်းမက ဗိုက်ကြီးနဲ့ပါ။ နေ့စေ့လစေ့ပါ။ ဒါကို ၂၀၃၀ တပ်မှ ဗိုလ်မှူးအောင်မင်းက ကျွန်မသားလေးကို ပေါ်တာဆွဲသွားလို့ပါ” ဟု ဒေါ်ခင်ဌေးမြင့်က ငိုယိုကာ ပြောဆိုသည်။
ထို့ပြင် သားဖြစ်သူ လွတ်မြောက်ရေး တောင်းဆိုရာတွင် မိသားစုဝင်များကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများပင် ပြုလုပ်ခဲ့ကြောင်း ဒေါ်ခင်ဌေးမြင့်က ထုတ်ဖော်ပြောဆိုသည်။
“ကျွန်မတို့ သားအမိကိုလည်း သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဥပဒေမဲ့ဖြစ်နေပါပြီ။ ကျွန်မတို့ကို ကူညီကြပါဦး။ သေနတ်နဲ့ ပစ်သတ်မယ်လို့လည်း ခြိမ်းခြောက်ပါတယ်” ဟု ၎င်းက ပြောသည်။
ဒေါ်ခင်ဌေးမြင့်က လက်ရှိ စစ်မှုထမ်းအတွက် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အခြေအနေများကြောင့် သားရှိသည့် မိခင်များအနေဖြင့် မိမိတို့၏သားများကို သတိထားကာ ကာကွယ်ဖွက်ထားကြရန်လည်း တိုက်တွန်းပြောဆိုခဲ့သည်။
“အမေတွေ၊ သားသမီးရှိတဲ့လူတွေ၊ သားတွေမွေးထားတဲ့ အမျိုးသမီးတွေများ ကိုယ့်သားကို လိမ္မာပါး နပ်စွာ ဖွက်ထားကြပါ။ ဖွက်ထားကြပါ။ မတရားလုပ်ပြီးတော့ လုပ်နေပါတယ်။ ကူညီကြပါဦး” ဟု ဒေါ်ခင်ဌေးမြင့်က လူမှုကွန်ရက်ဗီဒီယိုမှတစ်ဆင့် ငိုယိုကာ အကူအညီတောင်းခံပြောဆိုထားသည်။
လက်ရှိတွင် ဒေါ်ခင်ဌေးမြင့်၏ သားဖြစ်သူ မောင်ငြိမ်းချမ်းဝင်းကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်၊ မည်သည့် စစ်သင်တန်း သို့မဟုတ် တပ်ဖွဲ့သို့ ပို့ဆောင်ထားသည်ဆိုသည့် အသေးစိတ်အခြေအနေများကို မသိရှိရသေးဘဲ မိသားစုဝင်များက အကူအညီရရှိရေး တောင်းဆိုနေခြင်းဖြစ်သည်။
#KTM
#HlaingInfo

28
7
6
5
4
1September 4, 2026 2K 4