MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀… — Hlaing Info — TG.ME

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

စက်တင်ဘာလ ၃ ရက်

ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။

ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို ကွင်းဆင်းစစ်ဆေးပြီးနောက် ယခုတားမြစ်ချက်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။

ကွင်းဆင်းစစ်ဆေးမှုအတွင်း အချို့မုန့်များတွင် ကလေးငယ်များ၏ အသည်းနှင့်ကျောက်ကပ်ကို ထိခိုက်စေသည့် ဓာတုပစ္စည်းများ၊ အာရုံကြောကို ထိခိုက်စေသည့် ဓာတုပစ္စည်းများ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု အရိုးအဆစ်ဖွံ့ဖြိုးမှုကို ထိခိုက်စေသည့် ဓာတုပစ္စည်းများ အလွန်အကျွံပါဝင်နေသည်ကို တွေ့ရသည်ဟုလည်း ကိုးကန့်ထုတ်ပြန်ချက်တွင်ဖော်ပသည်။

ကိုးကန့်ကျန်းမာရေးဌာန၏ ကွင်းဆင်းစစ်ဆေးမှုများအရ ကျောင်းသား၊ ကျောင်းသူများ စားသုံးနေသည့် သွားရည်စာမုန့်အချို့တွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုပစ္စည်းများ၊ အချိုတု၊ တာရှည်ခံဆေး၊ ဆိုးဆေးနှင့် ဆားဓာတ်အလွန်အကျွံများ ပါဝင်နေကြောင်း ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ကြေညာချက်တွင် ထုတ်ပြန်ထားသည့် အန္တရာယ်ရှိ သရေစာ ၁၀ မျိုးအပြင် FDA ထောက်ခံချက်မရှိသော၊ သက်တမ်းလွန်သော အစားအသောက်များကို ကျောင်းဝင်းအတွင်း ရောင်းချခွင့် ပိတ်ပင်လိုက်ပြီး မလိုက်နာပါက အရေးယူမည်ဟု ကိုးကန့်တပ်ကဆိုသည်။

တားမြစ်ချက်ကို အကောင်အထည်ဖော်ရန် ကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ တစ်လကို ကြိုတင်သတိပေးကာလ သတ်မှတ်ထားပြီး ဈေးသည်များအနေဖြင့် လက်ကျန်မုန့်များကို ရှင်းလင်းရန်နှင့် ထပ်မံမှာယူခြင်း မပြုရန် ညွှန်ကြားထားသည်။

ကြိုတင်သတိပေးခြင်းကာလကုန်ဆုံးပြီးနောက်တွင် ပညာရေးနှင့် ကျန်းမာရေးဌာန ပူးပေါင်းအဖွဲ့က ကျောင်းမုန့်ဈေးတန်းများသို့ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ကာ တားမြစ်ချက်ကို မလိုက်နာသူများအား စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင်ဆိုသည်။

တားမြစ်ထားသည့် မုန့်များတွင် La Mo Fang၊ KISS TABLETS၊ Su Niu Du၊ ဝက်နားရွက်ကြွပ်၊ Yu Mi Chang၊ Su Xia Pa Zi၊ Xiāng Là Jīn Zhēn Gū၊ Wǎnghóng Bàngbàngtiáo၊ Měi Rì Hǎi Tāi Wèi-Là Piàn နှင့် Duōxīng Lǜshuǎng တို့ ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

#MKN
#HlaingInfo
👍37❤7🔥2😁1
September 3, 2026 2.2K 1 8