ရေဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
စက်တင်ဘာလ ၃ ရက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၃ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကျွဲတလင်းကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲမှာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၇ နာရီခန့်တွင်လည်း ရားဖူးကျေးရွာအတွင်း အခြေစိုက်ထားသည့် အကြမ်းဖက်စစ်ကောင်စီတပ် တည်နေရာအနီးသို့ တော်လှန်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုမှာ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"စစ်ကောင်စီတပ် အင်အားက ၅၀ လောက်ရှိတယ်။ သူတို့ဘက်က လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးတော့ မရှိပါဘူး။ စစ်ကောင်စီဘက်က ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်" ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေးဘီလူးတပ်ရင်းနှင့် KNLA တပ်ရင်း (၂၇) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#KTM
#HlaingInfo

34
12
2
1
1September 3, 2026 1.8K 1