မြန်မာနိုင်ငံကို ရုရှားနိုင်ငံအတွက် ပင်လယ်ထွက်ပေါက်နှင့် စီးပွားရေး… — Hlaing Info — TG.ME

မြန်မာနိုင်ငံကို ရုရှားနိုင်ငံအတွက် ပင်လယ်ထွက်ပေါက်နှင့် စီးပွားရေး ပေါင်းကူးတံတားအဖြစ် အသုံး ပြုနိုင်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ရင်းနှီးမြှုပ်နှံပါက အခွန်ကင်းလွတ်ခွင့်နှင့် အထူးအခွင့် အရေးများ ပေးမည်ဟု အကြမ်းဖက် ညိုစော ဖိတ်ခေါ်

စက်တင်ဘာလ ၄ ရက်

ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ပင်လယ်ထွက်ပေါက်နှင့် ဒေသတွင်းနိုင်ငံများကို ချိတ်ဆက်ပေးနိုင်သည့် ကုန်းရေ ပေါင်းကူးတံတားအဖြစ် အသုံးပြုနိုင်ကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံသူများကို သတ်မှတ်ကာလအထိ အခွန်ကင်းလွတ်ခွင့်များအပါအဝင် အထူးအခွင့်အရေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဒုသမ္မတအမည်ခံ အကြမ်းဖက် ညိုစောက ရုရှားနိုင်ငံသို့ ဖိတ်ခေါ်ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပသည့် ၁၁ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် အကြမ်းဖက် ညိုစောက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်နိုင်ငံကဲ့သို့ အဓိကဈေးကွက်ကြီးများနှင့် အာဆီယံနိုင်ငံများအကြားတွင် တည်ရှိနေပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသကဲ့သို့ အနောက်နှင့် တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ကို မျက်နှာမူထားသဖြင့် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှဒေသများကို ချိတ်ဆက်ပေးနိုင်သည့် ကုန်းရေ ပေါင်းကူးတံတားအဖြစ် ဖော်ဆောင်နိုင်သည့် အလားအလာရှိကြောင်း ၎င်းက ဆိုသည်။

အထူးသဖြင့် ထားဝယ်စီမံကိန်းသည် သီလဝါဆိပ်ကမ်းနှင့်မတူဘဲ ရေနက်ဆိပ်ကမ်းဖြစ်သည့်အတွက် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းများ ပိုမိုများပြားကြောင်း၊ ကပ္ပလီပင်လယ်ဘက်မှတစ်ဆင့် ထိုင်းနိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေးလမ်းကြောင်းကို တိုက်ရိုက်ချိတ်ဆက်ပေးနိုင်သည့် တောင်ဘက်တံခါးပေါက်တစ်ခုအဖြစ် အလားအလာရှိကြောင်း အကြမ်းဖက် ညိုစောက ပြောဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတွင် လာရောက်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် သတ်မှတ်ထားသည့် ကာလတစ်ခုအထိ အခွန်ကင်းလွတ်ခွင့်များနှင့် အခြားအထူးအခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ရုရှားရင်းနှီးမြှုပ်နှံသူများကို တိုက်ရိုက်ဖိတ်ခေါ်ခဲ့သည်။

ထို့ပြင် ထားဝယ်စီမံကိန်းကို ဆိပ်ကမ်းတစ်ခုတည်းအဖြစ် မမြင်ဘဲ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုံ၊ စွမ်းအင်သိုလှောင်ရေးနှင့် ဖြန့်ဖြူးရေးနေရာများ၊ ကုန်သွယ်ရေးနှင့် ကူသန်းရောင်းဝယ်ရေးဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှုဗဟိုချက် (Logistics Hub) အဖြစ် အကောင်အထည်ဖော်သွားနိုင်ကြောင်းလည်း ပြောဆိုသည်။

ယင်းစီမံကိန်းသည် မြောက်ဘက်ရှိ ကုန်းတွင်းပိုင်းအာရှနိုင်ငံများနှင့် တောင်ဘက်ရှိ အာဆီယံနိုင်ငံများကို ချိတ်ဆက်ပေးနိုင်သည့် ပေါင်းစည်းစီးပွားရေးစင်္ကြန် (Integrated Economic Corridor) တစ်ခုအဖြစ်လည်း ဖွံ့ဖြိုးလာနိုင်ကြောင်း ၎င်းက ဆိုသည်။

အထူးသဖြင့် ရုရှားအရှေ့ဖျားဒေသမှ တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသများကိုဖြတ်သန်း၍သော်လည်းကောင်း၊ ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့်သော်လည်းကောင်း ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းကို အသုံးပြုကာ အပြန်အလှန်ချိတ်ဆက်နိုင်ပါက ရုရှားအရှေ့ဖျားဒေသ၊ မြန်မာနိုင်ငံနှင့် အာဆီယံဒေသတို့အကြား ကုန်သွယ်ရေးနှင့် ဘက်စုံစီးပွားရေးကွန်ရက်အသစ်တစ်ခု ပေါ်ပေါက်လာနိုင်မည်ဟု အကြမ်းဖက် ညိုစောက ပြောဆိုခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍လည်း ရုရှားတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး ရုရှားသမ္မတ၏ လမ်းညွှန်မှုနှင့် မြန်မာဘက်မှ အကြမ်းဖက်စစ်ခေါင်းဆောင်များအကြား သဘောတူညီထားသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။

အလားတူ အကြမ်းဖက် မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှ ဩဂုတ်လ ၂၃ ရက်နေ့အထိ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရုရှားက လာရောက် ရင်းနှီးမြှုပ်နှံပါက အခွန်ကင်းလွတ်ခွင့်နှင့် အထူးအခွင့်အရေးများ ပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

#KTM
#HlaingInfo
👎45😁14❤6🤬6👏2
September 4, 2026 2.5K 2 4