မြန်မာ့တော်လှန်ရေးအဖွဲ့များကို စစ်သင်တန်းပေးမှုအမှုဖြင့်… — Hlaing Info — TG.ME

မြန်မာ့တော်လှန်ရေးအဖွဲ့များကို စစ်သင်တန်းပေးမှုအမှုဖြင့် ဖမ်းဆီးခံထားရသည့် ယူကရိန်းနိုင်ငံ သား ၆ ဦးကို မိသားစုနှင့် အွန်လိုင်းဗီဒီယိုဖြင့် ဆက်သွယ်ခွင့်မပေးမှုအပေါ် ဒေလီတရားရုံးက အစိုးရအဖွဲ့ထံ ဖြေရှင်းချက်တောင်း

စက်တင်ဘာ ၂ ရက်

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များကို ဒရုန်းနည်းပညာနှင့် စစ်ရေးသင်တန်းများပေးခဲ့သည်ဟု စွပ်စွဲကာ အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ယူကရိန်းနိုင်ငံသား ၆ ဦးအား မိသားစုများနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆက်သွယ်ခွင့် မပေးမှုနှင့်ပတ်သက်၍ ဒေလီတရားရုံးချုပ်က သက်ဆိုင်ရာအာဏာပိုင်များထံ အကြောင်းပြန်ရှင်းလင်းချက် တောင်းခံလိုက်ကြောင်း သိရသည်။

အကျဉ်းထောင်တွင် တရားစီရင်မှုမပြီးမီ အချုပ်ကျခံနေရသော ယူကရိန်းနိုင်ငံသား ၆ ဦးက မိသားစုများနှင့် ဗီဒီယိုမှတစ်ဆင့် ဆက်သွယ်ခွင့်မပြုခြင်းကို ကန့်ကွက်ကာ ဒေလီတရားရုံးချုပ်သို့ ပူးတွဲလျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဒေလီတရားရုံးချုပ်မှ တရားသူကြီး Navin Chawla နှင့် Ravinder Dudeja တို့ပါဝင်သည့် နှစ်ဦးပါ တရားသူကြီးအဖွဲ့က ယင်းလျှောက်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များထံ အကြောင် းကြားစာထုတ်ပြန်ခဲ့ပြီး အလားတူအမှုများနှင့် ပေါင်းစည်းကာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဆက်လက်ကြားနာရန် သတ်မှတ်ခဲ့သည်။

ယူကရိန်းနိုင်ငံသား Hurba Petro နှင့် အခြားစွပ်စွဲခံရသူများက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းတစ်ရပ်ကို စိန်ခေါ်ထားခြင်းဖြစ်သည်။ ယင်းစည်းမျဉ်းအရ နိုင်ငံတော်ကို ဆန့်ကျင်သည့် အကြမ်းဖက်မှု သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်သောအမှုဖြင့် ဖမ်းဆီးခံထားရသည့် နိုင်ငံခြားသားအကျဉ်းသားများကို အီလက်ထရွန်နစ်/အွန်လိုင်းဖြင့် မိသားစုတွေ့ဆုံဆက်သွယ်နိုင်တဲ့ Video Meeting စနစ် ဝန်ဆောင်မှု အသုံးပြုခွင့်မပြုရန် သတ်မှတ်ထားသည်။

လျှောက်ထားသူများက ယင်းစည်းမျဉ်းသည် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေပါ တန်းတူညီမျှခွင့်နှင့် လူတစ်ဦးချင်း၏ အသက်ရှင်သန်မှုနှင့် လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံအခွင့်အရေးများကို ချိုးဖောက်နေသည်ဟု တရားရုံးတွင် လျှောက်ထားခဲ့ကြောင်း သိရသည်။

၎င်းတို့၏ လျှောက်လွှာတွင် မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်သည် အကျဉ်းသားတစ်ဦး၏ လူ့ဂုဏ် သိက္ခာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် နောင်တွင် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် အရေးကြီးသော အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

အထူးသဖြင့် နိုင်ငံခြားသားအကျဉ်းသားများသည် မိမိတို့မိသားစုနှင့် ဝေးကွာခြင်း၊ ဘာသာစကားအခက် အခဲနှင့် မရင်းနှီးသော တရားရေးစနစ်များကြောင့် ပိုမိုအထီးကျန်မှု ကြုံတွေ့ရနိုင်သဖြင့် မိသားစုနှင့် ဆက်သွယ်မှုကို လုံးဝဖြတ်တောက်ထားခြင်းမှာ လူ့ဂုဏ်သိက္ခာဆိုင်ရာ အခွင့်အရေးကို ထိခိုက်စေသည်ဟုလည်း ၎င်းတို့ဘက်မှ လျှောက်ထားခဲ့သည်။

ယူကရိန်းနိုင်ငံသား ၆ ဦးသည် မတ်လ ၁၆ ရက်နေ့က အထူး NIA တရားရုံး၏ အမိန့်ဖြင့် မိသားစု သို့မဟုတ် ရှေ့နေများနှင့် တစ်ရက်ခြားလျှင် ညနေ ၅ နာရီမှ ၅ နာရီ ၂၀ မိနစ်အထိ မိနစ် ၂၀ ကြာ ဗီဒီယိုမှတစ်ဆင့် တွေ့ဆုံခွင့် ရရှိခဲ့သော်လည်း၊ ၂၀၂၆ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ရဲအချုပ်မှ တရားစီရင်ရေးအချုပ်သို့ ပြောင်းရွှေ့ခံရပြီးနောက်ပိုင်း မိသားစုများနှင့် ဖုန်း၊ ဗီဒီယို သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ခွင့် လုံးဝမရခဲ့ကြောင်း တရားရုံးသို့ တင်ပြခဲ့သည်။

တရားစီရင်ရေးအချုပ်တွင် ရက်ပေါင်း ၁၃၀ ကျော်ကြာမြင့်လာသော်လည်း မိသားစုဝင်တစ်ဦးနှင့်ပင် တွေ့ဆုံဆက်သွယ်ခွင့် မရခဲ့ဟု ဆိုသည်။

ယင်းယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား Matthew Aaron VanDyke တို့ကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ၂၀၂၆ ခုနှစ် မတ်လအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဒရုန်းအသုံးပြုမှု၊ ဒရုန်းတပ်ဆင်ခြင်းနှင့် Jammer နည်းပညာများ သင်ကြားပေးခဲ့သည်ဟု NIA က စွပ်စွဲထားသည်။

အိန္ဒိယ NIA ကမူ ယင်းအဖွဲ့သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များအား လက်နက်ပစ္စည်းများ၊ ဒရုန်းနည်းပညာနှင့် စစ်ရေးသင်တန်းများ ပံ့ပိုးပေးခဲ့ပြီး အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေနိုင်သည့် အကြမ်းဖက်ပူးပေါင်းကြံစည်မှုဆိုင်ရာ ပြစ်မှုများရှိသည်ဟု စွပ်စွဲကာ UAPA အကြမ်းဖက်မှုတားဆီးရေးဥပဒေအောက်တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။ သို့သော် စွပ်စွဲခံထားရသူများဘက်မှ ယင်းစွပ်စွဲချက်များကို တရားရုံးတွင် ဆက်လက်ကန့်ကွက်နေကြောင်း သိရသည်။

#KTM
#HlaingInfo
🤬30❤7🔥2🥰2
September 2, 2026 1.3K 1 5