မြန်မာနိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြန်ပို့မည့် အစီအစဉ်ကို… — Hlaing Info — TG.ME

မြန်မာနိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြန်ပို့မည့် အစီအစဉ်ကို ချက်ချင်းရပ်တန့်ရန် မလေးရှားအစိုးရကို Amnesty International တောင်းဆို

စက်တင်ဘာလ ၂ ရက်

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်ညှဉ်းပန်းမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည် ၅,၀၀၀ ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေမှုအား ချက်ချင်းရပ်တန့်ရန် Amnesty International Malaysia က မလေးရှားအစိုးရကို တောင်းဆိုလိုက်သည်။

Amnesty International Malaysia က စက်တင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ မလေးရှားအစိုးရသည် မြန်မာအာဏာပိုင်များနှင့် သဘောတူညီမှုအရ မြန်မာဒုက္ခသည် ၅,၀၀၀ ကို ပြန်လည်ပို့ဆောင်ရန် စီစဉ်နေပြီး ပထမအဆင့်အဖြစ် ရိုဟင်ဂျာဒုက္ခသည်အများစုပါဝင်သော လူပေါင်း ၁,၄၇၆ ဦးကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြန်ပို့ရန် စတင်အကောင်အထည်ဖော်မည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ရေးပဋိပက္ခများ၊ ပြည်တွင်းနေရပ်စွန့်ခွာမှုများနှင့် ဆိုးရွားသည့် လူ့အခွင့် အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အချိန်တွင် ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ရန် စီစဉ်ခြင်းသည် ၎င်းတို့၏ အသက်နှင့် လုံခြုံရေးကို အန္တရာယ်ကြီးမားစွာ ကျရောက်စေနိုင်ကြောင်း Amnesty International Malaysia က သတိပေးသည်။

Amnesty International Malaysia မှ ပြောရေးဆိုခွင့်ရှိသူ Divya Shesshsan Balakrishnan က “မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းမှု၊ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု သို့မဟုတ် ပြန်လည်ကုစား၍မရနိုင်သည့် အန္တရာယ်များ ကြုံတွေ့နိုင်သူများအားလုံးကို ပြန်ပို့မည့် အစီအစဉ်ကို မလေးရှားအနေဖြင့် ချက်ချင်းရပ်တန့်ရမည်” ဟု ပြောဆိုသည်။

၎င်းက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ အခြေခံအားဖြင့် လုံခြုံမှုမရှိသေးကြောင်း၊ မြန်မာနှင့် မလေးရှားအာဏာပိုင်များက မည်သည့်အာမခံချက်များ ပေးစေကာမူ မြေပြင်မှ အမှန်တကယ်ရှိနေသည့် အန္တရာယ်များကို ပြောင်းလဲပစ်နိုင်မည်မဟုတ်ကြောင်းလည်း ပြောသည်။

မလေးရှားအစိုးရကမူ ယခုဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်သည် “ဆန္ဒအလျောက်နှင့် လုံခြုံစွာ ပြန်လည်ပို့ဆောင်ခြင်း” ဖြစ်သည်ဟု အကြိမ်ကြိမ်ပြောဆိုထားသော်လည်း မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော လူ့အခွင့်အရေးအကျပ်အတည်းက မြန်မာပြည်သူများ၏ အသက်နှင့် လုံခြုံရေးအတွက် ကြီးမားသောခြိမ်းခြောက်မှု ဖြစ်နေဆဲဖြစ်ကြောင်း Amnesty International Malaysia က ဆိုသည်။

Amnesty International ၏ မှတ်တမ်းများနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး၏ မကြာသေးမီက အကဲဖြတ်ချက်များအရ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဒုက္ခသည်များအား လုံခြုံစွာ၊ လူ့ဂုဏ်သိက္ခာရှိစွာ၊ ရေရှည်တည်တံ့စွာနှင့် အမှန်တကယ် ဆန္ဒအလျောက် ပြန်လည်နေထိုင်နိုင်ရန် လိုအပ်သည့် အခြေအနေများ လက်ရှိအချိန်အထိ မရှိသေးကြောင်း ထောက်ပြထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် ပိုမိုဆိုးရွားသည့် အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း ထုတ်ပြန်ခဲ့ပြီး၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်ညှဉ်းပန်းမှုများ ပိုမိုဆိုးရွားလာနေသည်ကို အထူးထောက်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍42❤8👏4😁2
September 2, 2026 2.5K 3 3