အိန္ဒိယ-မြန်မာနယ်စပ် ၃၉၈ ကီလိုမီတာအနက် ၅၅ ကီလိုမီတာကို… — Hlaing Info — TG.ME

အိန္ဒိယ-မြန်မာနယ်စပ် ၃၉၈ ကီလိုမီတာအနက် ၅၅ ကီလိုမီတာကို ခြံစည်းရိုးကာရံပြီးစီး၊ ၂၀၂၈ ခုနှစ်အတွင်း နယ်စပ်တစ်လျှောက်လုံး ကာရံရန် ရည်မှန်း

စက်တင်ဘာလ ၃ ရက်

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြားရှိ နိုင်ငံတကာနယ်စပ် ၃၉၈ ကီလိုမီတာအနက် ၅၅ ကီလိုမီတာကို ခြံစည်းရိုးကာရံပြီးစီးထားပြီး ကျန်နယ်စပ်တစ်လျှောက်လုံးကို ၂၀၂၈ ခုနှစ်အတွင်း အပြီးသတ်ကာရံသွားရန် ရည်မှန်းထားကြောင်း မဏိပူရပြည်နယ် ပြည်ထဲရေးဝန်ကြီး Govindas Konthoujam က ပြောဆိုသည်။

မဏိပူရပြည်နယ်လွှတ်တော်တွင် ကွန်ဂရက်ပါတီ လွှတ်တော်အမတ် K Ranjit Singh က အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နယ်မြေအလဲအလှယ်ပြုလုပ်ရန် အဆိုပြုထားသည်ဟု သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မဏိပူရပြည်နယ်အတွင်း နယ်နိမိတ်အတိအကျ သတ်မှတ်ထားခြင်းမရှိသေးသည့် အိန္ဒိယ-မြန်မာနယ်စပ်နေရာများကို နယ်နိမိတ်သတ်မှတ်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

အထူးသဖြင့် မိုရေးဒေသရှိ နယ်စပ်မှတ်တိုင်အမှတ် ၇၅ မှ ၇၉ အကြား နယ်စပ်ဧရိယာသည် အလွန်အထိအခိုက်မခံဘဲ အရေးကြီးသည့် နယ်စပ်ပိုင်းတစ်ခုဖြစ်ကြောင်း Konthoujam က ဆိုသည်။

“လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုးကာရံမှုဟာ မဖြစ်မနေလိုအပ်လာပါပြီ။ ၂၀၂၈ ခုနှစ်အတွင်း နယ်စပ်တစ်လျှောက်လုံးကို ခြံစည်းရိုးကာရံပြီးစီးဖို့ ရည်မှန်းထားပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မဏိပူရပြည်နယ်ရှိ နယ်စပ်မှတ်တိုင်အမှတ် ၃၂ မှ ၁၃၀ အထိ စုစုပေါင်း အိန္ဒိယ-မြန်မာနယ်စပ်အရှည် ၃၉၈ ကီလိုမီတာရှိရာ လက်ရှိအချိန်အထိ ၅၅ ကီလိုမီတာကိုသာ ခြံစည်းရိုးကာရံပြီးစီးထားကြောင်း၊ ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများရှိနေခြင်းကြောင့် လုပ်ငန်းတိုးတက်မှု နှောင့်နှေးခဲ့ရကြောင်းလည်း ၎င်းက ရှင်းပြသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နယ်မြေအလဲအလှယ်ပြုလုပ်မည်ဆိုသည့် သတင်းများနှင့်ပတ်သက် ၍မူ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက မဏိပူရပြည်နယ်အစိုးရထံ မည်သည့်သတင်းအချက် အလက် မျှ ပေးပို့ထားခြင်းမရှိကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။

“နယ်မြေအလဲအလှယ်ပြုလုပ်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်နယ်အစိုးရထံ ဘာသတင်းအချက်အလက်မှ မပေးထားပါဘူး” ဟု ၎င်းက ဆိုသည်။

မဏိပူရပြည်နယ် ပြည်သူများအနေဖြင့် မည်သည့်နယ်မြေကိုမျှ ဆုံးရှုံးသွားခြင်းကို လက်မခံကြောင်း ခိုင်မာစွာ ရပ်တည်နေပြီး ပြည်နယ်အစိုးရအနေဖြင့်လည်း ပြည်သူများ၏ ဆန္ဒနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Konthoujam က ပြောဆိုသည်။

ထို့ပြင် နယ်နိမိတ်နှင့်ပတ်သက်၍ မည်သည့်ဆုံးဖြတ်ချက်မဆို ချမှတ်မည့်အချိန်မတိုင်မီ သက်ဆိုင်ရာဒေသရှိ ပြည်သူများကို အိန္ဒိယဗဟိုအစိုးရက ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်သည် လုံခြုံရေးအရ အားနည်းမှုများရှိနေသည့် နယ်စပ်ဖြစ်ပြီး နယ်စပ်ဝင် ပေါက်များကြောင့် လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးပြန့်ပွားမှုနှင့် တရားမဝင် လူဝင်မှုကြီး ကြပ်ရေးပြဿနာ များ ပိုမိုဖြစ်ပွားလာခဲ့ကြောင်း မဏိပူရပြည်နယ်အစိုးရက အသိအမှတ်ပြုထားသည်။

“နယ်စပ်က ပွင့်လင်းလွန်းနေတာကြောင့် မဏိပူရပြည်နယ်မှာ လက်နက်၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာတွေ ပိုမိုပြန့်ပွားလာခဲ့ရပါတယ်” ဟု မဏိပူရပြည်နယ် ပြည်ထဲရေးဝန်ကြီး Govindas Konthoujam က ပြောဆိုသည်။

#KTM
#HlaingInfo
👍35🔥6❤5👎4🤔2
September 3, 2026 2.7K 5