တီးတိန်နှင့် ဒီပဲယင်းမြို့နယ်တို့တွင် စစ်ယာဉ်တန်းနှင့် စစ်တပ်ကို… — Hlaing Info — TG.ME

တီးတိန်နှင့် ဒီပဲယင်းမြို့နယ်တို့တွင် စစ်ယာဉ်တန်းနှင့် စစ်တပ်ကို တိုက်ခိုက်မှု တပ်ကြပ်အဆင့်ရှိသူ ၁ ဦးသေဆုံး

စက်တင်ဘာ ၃ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် သိုင်းငင်းဘက်မှ တီးတိန်မြို့ဘက်သို့ ပြန်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ယာဉ်တန်းကို PDF Zoland တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း PDF Zoland သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၉ မိနစ်ခန့်အချိန် ထန်တလန်စစ်မျက်နှာဖြစ်သည့် သိုင်းငင်းဘက်မှ တီးတိန်မြို့ဘက်သို့ Foland ကား ၃ စီးနှင့် ၁၂ ဘီးကား ၁ စီးဖြင့် ပြန်လာသော အကြမ်း ဖက်စစ်တပ်ကို တီးတိန်မြို့အဝင်အနီး၌ PDF Zoland တပ်ဖွဲ့ဝင်များက အသင့်စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း PDF Zoland ထံမှ သိရှိရသည်။

“ထိတာကတော့ ထိပါတယ်။ အတိအကျ မသိရသေးလို့ပါ။ ဖလမ်းလမ်းကြောင်းကနေ ပြန်လာကြတာဖြစ်ပါတယ်။ သိုင်းငင်းဘက်ကနေ တီးတိန်ဘက်ပေါ့။ ထန်တလန်ရဲ့ တပ်ရင်းက တီးတိန်အခြေစိုက် ခလရ ၂၆၉ ပါ၊ တီးတိန်ရဲ့အဝင်နားမှာ မိုင်းဆွဲတာဖြစ်ပါတယ်” ဟု PDF Zoland မှ သတင်းနှင့် ပြန် ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ စစ်ယာဉ်တန်းသည် ထန်တလန်စစ်မျက်နှာဘက်မှ သိုင်းငင်းလမ်းကြောင်းကို ဖြတ်သန်းကာ တီးတိန်မြို့ဘက်သို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ PDF Zoland တပ်ဖွဲ့က တီးတိန်မြို့အဝင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PDF Zoland အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အားလျော့ခြင်းမပြုဘဲ တော်လှန်ရေးတွင် ဝိုင်းဝန်းပူးပေါင်းကာ ဆက်လက်တွန်းလှန်ကြရန် တိုက်တွန်းထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင်လည်း ဒီပဲယင်းမြို့ပေါ်မှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်အဆင့်ရှိသူတစ်ဦး သေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အဖြူရောင် ဒီပဲယင်း ပကဖက ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဒီပဲယင်းမြို့ပေါ်မှ ရိက္ခာရှာရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ဆိုင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ဖက်အကြား ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်အဆင့်ရှိသူတစ်ဦး သေဆုံးကာ အခြားတစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တိုက်နယ် ၁ နှင့် တိုက်နယ် ၂ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဖြူရောင် ဒီပဲယင်း ပကဖက ထုတ်ပြန်သည်။

လက်ရှိတွင် ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့ပေါ်တွင်သာ စစ်ရေးအရ စိုးမိုးထိန်းချုပ်ထားနိုင်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာနှင့် ဒေသအများစုကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

#KTM
#HlaingInfo
👍44👏8🥰3😁2❤1
September 3, 2026 2.7K 3