နိုင်ငံတကာရှိ မြန်မာအသိုက်အဝန်းများက ထိုင်းဝန်ကြီးချုပ်ထံသို့ အိတ်ဖွင့်ပေးစာ တပြိုင်နက်ပေးပို့ပြီး စစ်ကောင်စီကို တရားဝင်မှုပေးသည့် လုပ်ရပ်များ ရှောင်ရှားရေး တောင်းဆို
စက်တင်ဘာလ ၂ ရက်
နိုင်ငံတကာရှိ မြန်မာလူထုအသိုက်အဝန်းများက အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုပေးနိုင်သည့် လုပ်ရပ်များအား ရှောင်ရှားရန်နှင့် မြန်မာဒုက္ခသည်များကို အဓမ္မပြန်လည်ပို့ဆောင်ခြင်းမှ ကာကွယ်ပေးရန် တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာကို ထိုင်းဝန်ကြီးချုပ်ထံသို့ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် နိုင်ငံအသီးသီးရှိ ထိုင်းသံရုံးများမှတစ်ဆင့် တပြိုင်နက် ပေးပို့ခဲ့ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးသို့ မြန်မာအဖွဲ့အစည်းများက တောင်းဆိုစာပေးပို့ခဲ့ကြပြီး၊ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့ရှိ ထိုင်းသံရုံးများရှေ့တွင်လည်း မြန်မာအသိုက်အဝန်းများက တပြိုင်နက် ဆန္ဒထုတ်ဖော်ကာ အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြောင်း သိရသည်။
အိတ်ဖွင့်ပေးစာတွင် ထိုင်းနိုင်ငံက ဆယ်စုနှစ်များစွာ မြန်မာပြည်သူများအတွက် ပံ့ပိုးပေးခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပေါ် ကျေးဇူးတင်ကြောင်း ဖော်ပြထားပြီး၊ တရားမဝင်အာဏာသိမ်းယူကာ အရပ်သားပြည်သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပြစ်မှုများကျူးလွန်နေသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းအစိုးရ၏ လတ်တလော ထိတွေ့ဆက်ဆံမှုများအပေါ် စိုးရိမ်ပူပန်ကြောင်းလည်း ထောက်ပြထားသည်။
ထို့ပြင် ထိုင်းဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည့် ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းသစ်ကြောင့် မြန်မာနိုင်ငံသားများ အဓမ္မပြန်လည်ပို့ဆောင်ခံရနိုင်သည့် အန္တရာယ်များရှိနေကြောင်း တောင်းဆိုစာတွင် သတိပေးထားသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသူများသည် ဖိနှိပ်ချုပ်ချယ်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အဓမ္မစစ်သားစုဆောင်းခံရမှုများကို ရင်ဆိုင်ရနိုင်သည့် အန္တရာယ်ရှိကြောင်းလည်း ဖော်ပြထားသည်။
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် တောင်းဆိုစာပေးပို့ခြင်းနှင့်ပတ်သက်၍ နံနက် ၁၁ နာရီတွင် ထိုင်းသံရုံးရှေ့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မြန်မာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထိုင်းအစိုးရထံ တောင်းဆိုစာပေးပို့ရသည့် ရည်ရွယ်ချက်နှင့် တောင်းဆိုချက်များကို ကိုယ်စားလှယ်များက အင်္ဂလိပ်၊ ကိုရီးယားနှင့် ထိုင်းဘာသာ သုံးဘာသာဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အိတ်ဖွင့်ပေးစာတွင် ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ထိတွေ့ဆက်ဆံရန်နှင့် မြန်မာပြည်သူများ၏ ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်နေသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံပေးရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။
#KTM
#HlaingInfo

23
11
2September 2, 2026 1.3K 3