သာကေတနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ဓာတ်အားများ… — Hlaing Info — TG.ME

သာကေတနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ဓာတ်အားများ လေလွင့်ပျောက်ဆုံးနေသည်ဟုဆိုကာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီထုတ် ဒစ်ဂျစ်တယ်မီတာများ ပြောင်းလဲတပ်ဆင်ရန် စစ်တပ်က ဖိအားပေး၊ ဦးပိုင်လျှပ်စစ်မီတာ မလဲလှယ်လျှင် လျှပ်စစ်မီးဖြတ်မည်ဟု ခြိမ်းခြောက်

စက်တင်ဘာလ ၂ ရက်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တို့တွင် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှုများပြားနေသည်ဟု အကြောင်းပြကာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီထုတ် Smart Digital လျှပ်စစ်မီတာများဖြင့် အစားထိုးတပ်ဆင်ရန် ရန်ကုန်စစ်ကောင်စီက အရှိန်မြှင့် ဆောင် ရွက်လာကြောင်း သိရှိရသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ အောင်ကျော်ဦးသည် ဩဂုတ်လ ၃၁ ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နှင့် သာကေတမြို့နယ် လျှပ်စစ်မန်နေဂျာရုံးများသို့ သွား ရောက်ကာ ဓာတ်အားလေလွင့်ပျောက်ဆုံးမှု လျှော့ချရေး၊ ဓာတ်အားခကြွေးကျန် လျှော့ချရေးနှင့် Digital Meter များ အစားထိုးတပ်ဆင်ရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း YESC က စက်တင်ဘာလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်သည် အများပြည်သူ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် ဧရိယာများတွင် ဓာတ်အားပျောက်ဆုံးမှုများပြားနေသည်ဟုဆိုကာ ထရန်စဖော်မာနှင့် ဖီဒါများအလိုက် ဓာတ်အားပျောက်ဆုံးမှုကို သိရှိနိုင်ရေး Main Meter များ တပ်ဆင်ရန်၊ ရပ်တန့်နေသော၊ ပျက်စီးနေသောနှင့် လည်ပတ်မှုနှေးကွေးနေသည့် မီတာများကို အမြန်အစားထိုးလဲလှယ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဓာတ်အားပျောက်ဆုံးမှုများပြားသည့် ဖီဒါလိုင်းများပေါ်တွင် အသုံးပြုနေသည့် ခေတ်ဟောင်း Analog မီတာများကို စစ်ဆေးရန်နှင့် လိုအပ်သည့်နေရာများတွင် System Improvement လုပ်ငန်းများအတွက် စီမံချက်ရေးဆွဲတင်ပြရန်လည်း YESC ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။

တစ်ဖက်တွင် သာကေတမြို့နယ်အတွင်း Advanced Metering Infrastructure (AMI) စနစ်ကို အကောင်အထည်ဖော်ရန် အထူးညွှန်ကြားခဲ့ပြီး ၃၃ ကေဗွီ မြင်တော်သာဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် မီးသုံးစွဲသူများ၏ မီတာများကို Smart Digital Meter များဖြင့် အစားထိုးလဲလှယ်ရန် စီမံချက်အတိုင်း အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

"ဒစ်ဂျစ်တယ် မီတာ ၁ လုံးကို ငွေ နှစ်သိန်းခွဲနဲ့ တပ်ခိုင်းနေတယ်။ မီတာအဟောင်းက မလည်လို့ မီတာ အသစ် အလုံးလိုက်လဲခိုင်းတာ။ မလဲရင် မီးမပေးတော့ဘူး လျှပ်စစ်မီး လုံး၀ ဖြတ်လိုက်မယ်လို့ ပြောတယ်" ဟု သာကေတမြို့နယ်၊ ၈ ရပ်ကွက်မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှုနှင့် တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုများကို လျှော့ချရန်ဟု အကြောင်းပြကာ Digital နှင့် Smart Meter စနစ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစားထိုးတပ်ဆင်ရန် စီမံကိန်းချမှတ်ထားခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် အသုံးပြုမည့် Digital လျှပ်စစ်မီတာများမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ထုတ်လုပ်သည့် EVER Meter များဖြစ်ပြီး ပဲခူးတိုင်း၊ အင်းတကော်စက်မှုဇုန်ရှိ EVER Meter စက်ရုံတွင် Digital စနစ်သုံး လျှပ်စစ်မီတာများကို အလုံးရေသန်းချီ ထုတ်လုပ်ထားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
🤬50❤2👏2😁2👎1
September 2, 2026 2.1K 1 7