ပြည်သူ့ငွေကျပ် ဘီလီယံ ၂၀ လိမ်လည်ခဲ့ဟု ဒေါက်တာညီညီဆွေက ဝန်ခံထွက်ဆိုသော်လည်း စစ်တပ်က ငွေကျပ် ၁၀ ဘီလီယံသာ စာရင်းပြပြီး ကျန် ၁၀ ဘီလီယံ စာရင်းဖျောက် ခွဲခြမ်းယူ၊
▪️ထောင်ဒဏ် ၄၃ နှစ်အတွက် ဒေါက်တာညီညီဆွေ အယူခံဝင်မည်
စက်တင်ဘာလ ၃ ရက်
မြန်မာနိုင်ငံတစ်ဝန်း အများပြည်သူထံမှ ငွေကျပ် ဘီလီယံ ၂၀ လိမ်လည်ခဲ့ကြောင်း ဒေါက်တာညီညီဆွေက စစ်ဆေးရေးကာလတွင် ဝန်ခံထွက်ဆိုသော်လည်း စစ်ထောက်လှမ်းရေး၊ တရားရေး၊ စသုံးလုံးနှင့် CID က ငွေကျပ် ၁၀ ဘီလီယံကိုသာ စာရင်းပြပြီး ကျန် ၁၀ ဘီလီယံစာရင်းဖျောက်ကာ ရွှေ၊ ငွေ၊ အိမ်နှင့် ပိုင်ဆိုင်မှုများကို အာဏာပိုင်များက ခွဲခြမ်းရယူသွားကြောင်း အမှုကို လိုက်ပါစောင့်ကြည့်နေသည့် ငွေလိမ်ခံခဲ့ရသည့် ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အစုရှယ်ယာထည့်ဝင်ပါက လစဉ်အတိုးနှုန်း ၁၅ ရာခိုင်နှုန်းပေးမည်ဟုဆိုကာ အများပြည်သူထံမှ ငွေကျပ် ဘီလီယံပေါင်းများစွာ လိမ်လည်ခဲ့သည်ဟု စွပ်စွဲခံထားရသော ဒေါက်တာညီညီဆွေကို ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စစ်တပ်လက်အောက်ခံ စစ်ထောက်လှမ်းရေး၊ CID နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့က ဖမ်းဆီးခဲ့ပြီးနောက် ယခုနှစ် ဩဂုတ်လအတွင်း တရားရုံးက ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခဲ့သည်။
တရားရုံးက ဒေါက်တာညီညီဆွေ၏ ပိုင်ဆိုင်မှုများအားလုံးကိုလည်း နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်လက်အောက်ခံ စစ်ထောက်လှမ်းရေး၊ CID နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) တို့က ဒေါက်တာညီညီဆွေကို ဖမ်းဆီးစစ်ဆေးခဲ့စဉ် အများပြည်သူထံမှ လိမ်လည်ရယူခဲ့သည့် ငွေကြေးပမာဏမှာ ငွေကျပ် ဘီလီယံ ၂၀ ခန့်ရှိကြောင်း ဒေါက်တာညီညီဆွေကိုယ်တိုင် ဝန်ခံထွက်ဆိုခဲ့သည်ဟု အမှုကို လိုက်ပါစောင့်ကြည့်နေသူများက ပြောသည်။
သို့ရာတွင် တရားရုံး၏ အမှုနောက်ဆုံးစီရင်ချက်တွင် အများပြည်သူထံမှ ငွေကျပ် ၁၀ ဘီလီယံသာ လိမ်လည်ရယူခဲ့သည်ဟု တင်ပြထားပြီး ကျန်ငွေကျပ် ၁၀ ဘီလီယံနှင့်ပတ်သက်သည့် စာရင်းများ ပျောက်ဆုံးနေကြောင်း၊ ဒေါက်တာညီညီဆွေထံမှ သိမ်းဆည်းခဲ့သည့် အိမ်၊ ကား၊ ရွှေနှင့် အခြားပိုင်ဆိုင်မှုများကိုလည်း အမှုစစ်ဆေးရေးတွင် ပါဝင်ခဲ့သူ အာဏာပိုင်များအကြား ခွဲခြမ်းရယူသွားကြောင်း ငွေကြေးနစ်နာသူများက စွပ်စွဲပြောဆိုသည်။
“ဒေါက်တာညီညီဆွေကို ဖမ်းဆီးစစ်ဆေးတုန်းက အများပြည်သူပိုင် ငွေကျပ် ဘီလီယံ ၂၀ ကို သူရယူခဲ့တယ်လို့ ကိုယ်တိုင်ဝန်ခံထားတာပါ။ အခု အမိန့်ချတော့မှ အများပြည်သူပိုက်ဆံ ငွေကျပ် ၁၀ ဘီလီယံကို ရယူတယ်ဆိုပြီး စာရင်းလျှော့ပြတယ်။ ကျန်တဲ့ ဘီလီယံ ၁၀ တန်တဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ အိမ်တွေ၊ ကားတွေ၊ ရွှေငွေတွေကို သူတို့ခွဲခြမ်းယူသွားတာ။ ကျမတို့က ဒီအမှုကို တစ်နှစ်နဲ့ သုံးလကျော် လိုက်နေရတာပါ။ ကျမတို့ဆုံးရှုံးတာ ပိုက်ဆံတင်မဟုတ်ပါဘူး၊ ဘဝတွေပါ ပါသွားတာပါ” ဟု အမှုကို အစမှအဆုံး လိုက်ပါစောင့်ကြည့်နေသည့် ငွေကြေးနစ်နာသူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဒေါက်တာညီညီဆွေကို ဖမ်းဆီးစဉ်က Mercedes-Benz အနက်ရောင်ကားတစ်စီးကိုလည်း သိမ်းဆည်းခဲ့ကြောင်း၊ ယင်းကားကို နောက်ပိုင်းတွင် ငွေကျပ် သိန်း ၅၀၀ ခန့်ဖြင့် ညှိနှိုင်းကာ ၎င်း၏ ဇနီးထံ ပြန်လည်ပေးအပ်ခဲ့ကြောင်းလည်း နစ်နာသူများထံမှ သိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

14
6
2
1September 3, 2026 925 2 5